Friday, December 5, 2014

သိဂုင်္တ္တရကုန်းတော်ပေါ်က မြန်မာ့သမိုင်းကို ပြောနေတဲ့ စေတီတော်ကြီး


နှစ်ပေါင်း ၂၆ဝဝ ကျော်ပြီဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၉ဝအမြင့်မှာရှိတဲ့ သိင်္ဂုတ္တရကုန်းတော်မှာ တည်ထားကိုးကွယ်ထားပြီး ဝတ္တကမြေ အကျယ်အဝန်း ၁၁၄ ဧကရှိပါတယ်။ ဂေါတမ မြတ်စွာဘုရားရဲ့ ဆံတော်ကို ဌာပနာပြီး တည်ထားခဲ့တာကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ရဲ့ အထွဋ်အမြတ်ထားရာ စေတီတော်ကြီးလည်း ဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ အများအပြား လာရောက်လေ့လာတဲ့ ကမ္ဘာ့အံဖွယ်စာရင်းထဲပါဝင်တဲ့ နေရာတစ်ခုလည်းဖြစ်တဲ့ စေတီတော်ကြီးကို အများပြည်သူရဲ့ လှူဒါန်းငွေ တစ်နေ့ ကျပ်သိန်း ၁၅ဝအပြင် ကားရပ်နားခ၊ ဆိုင်ခန်းငှားခနဲ့ ရွှေဆိုင်းရောင်းချရတဲ့ ဝင်ငွေကလည်း တစ်နှစ်ကို ကျပ်သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရနေတာမို့ အစိုးရရဲ့ဘက်ဂျက်မပါဘဲ သီခြားရပ်တည်နေတာပါလို့ ရွှေတိဂုံစေတီတော် ဂေါပကရုံး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဓမ္မစေတီမင်း၊ ရှင်စောပု ဘုရင်မ၊ ရာဇာဓိရာဇ်၊ အင်းဝ ဆင်ဖြူရှင်နဲ့ မင်းတုန်းမင်းတို့ဟာ ရွှေတိဂုံစေတီတော်ကို မွမ်းမံထိန်းသိမ်းပြီး ထီးတော်တင်လှူခဲ့ကြတဲ့ ပဒေသရာဇ်မင်းတွေဖြစ်ပါတယ်။ ၁၉၈၈မှာ စစ်အာဏာသိမ်းခဲ့တဲ့ အစိုးရဟာ ၁၉၉၉မှာ ရွှေတိဂုံစေတီတော်ကို စိတ်တိုင်းကျပြုပြင်ပြီး ထီးတော်သစ်ကို တင်လှူခဲ့ပါသေးတယ်။
ထီးသက်နန်းသက်ရှည်အောင် ဘုရင်တွေဟာ စေတီတော်ကို ထီးတင်လေ့ရှိကြပြီး မြန်မာလူမျိုးတွေက ဒီမိုကရေစီစနစ်နဲ့ နေထိုင်ရတာ မဟုတ်တာမို့ ဘုရင်တွေဟာ ပြည်သူတွေရဲ့ဆန္ဒ သဘောထားကို မပေးဘဲ စိတ်ကြိုက်လုပ်လေ့ရှိတယ်လို့ သမိုင်းပညာရှင် ဒေါက်တာတိုးလှက ပြောပြပါတယ်။ မြန်မာပြည်က အာဏာရှိသူတွေရဲ့ ဒီဓလေ့စရိုက်ဟာ အုပ်ချုပ်တဲ့စနစ် ပြောင်းလဲမှသာ ပြောင်းလဲနိုင်မယ်လို့ သူက ထောက်ပြပါတယ်။
နှစ်စဉ် ဘုရားပွဲတော်တွေနဲ့ ခေတ်အဆက်ဆက် စည်ကားခဲ့တဲ့ စေတီတော်ကြီးဟာ အများပြည်သူတွေရဲ့ ကြည်ညိုကိုးကွယ်ရာ အထိမ်းအမှတ်နေရာတစ်ခုဖြစ်သလို ကိုလိုနီခေတ်ကနေ စစ်အာဏာရှင်ခေတ်တွေအထိ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးတွေအတွက် ပြောင်းလဲလိုသူတွေ သစ္စာပြု ဆုတောင်းရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
စေတီတော်ကြီးကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းအဖွဲ့ကို ဗြိတိသျှကိုလိုနီတွေက ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့ဝင် ၄ပုံ ၃ပုံကို အများပြည်သူက ရွေးချယ်ရသလို ကျန်တစ်ပုံကိုတော့ အစိုးရက တိုက်ရိုက်တင်မြှောက်ရတဲ့ စနစ်တစ်ခု ထားရှိခဲ့ပါတယ်။ ၁၉၄၁မှာတော့ ရွှေတိဂုံဘိုင်လောလို့ခေါ်တဲ့ ဥပဒေတစ်ရပ် ပြဌာန်းပေးခဲ့ပါတယ်။ စစ်အာဏာရှင်ကြီး ဦးနေဝင်းလက်ထက် ၁၉၇၈မှာတော့ ဒီဥပဒေကို မဖျက်ဘဲ ဂေါပကအဖွဲ့ဝင်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို ချမှတ်ခဲ့ပေမယ့် ၁၉၈၈ အာဏာသိမ်း မြန်မာစစ်တပ်ကတော့ ဒီဥပဒေကို ချောင်ထိုးပြီး သူတို့စိတ်ကြိုက်လူတွေကို ခန့်ထားပြီး စစ်တိုင်းမှူးတစ်ယောက်က ဂေါပကအဖွဲ့ကို တိုက်ရိုက်အုပ်ချုပ်မှု ဒီကနေ့ထိ ကျင့်သုံးနေပါတယ်။
နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းမှုတွေ ပေါ်ပေါက်လာပေမယ့် အရပ်သားတစ်ပိုင်း အစိုးရလက်ထက်မှာတော့ ရွှေတိဂုံစေတီတော် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုက ပြောင်းလဲမှုမရှိသေးပါဘူး။ အစိုးရက တိုက်ရိုက်ခန့်ထားတဲ့စနစ်ကနေ အများပြည်သူ ရွေးချယ်တင်မြှောက်တဲ့စနစ် ကျင့်သုံးဖို့ အချိန်ယူ ပြင်ဆင်နေရဆဲပါ။
ဗုဒ္ဓဘာသာဝင် ပြည်သူတွေရဲ့ ချွေးနဲစာတွေနဲ့စုပေါင်းလှူဒါန်းမှု၊ လုပ်အားလှူဒါန်းမှုတွေဟာ ခေတ်အဆက်ဆက် ကမ္ဗည်းထိုးမခံရပေမယ့်လည်း အုပ်စိုးသူအဆက်ဆက်ရဲ့ အာဏာတည်မြဲရေးအတွက် စေတီတော်မှာတော့ ကမ္ဗည်းမှတ်တမ်းတွေ အခိုင်အမာစိုက်ထူထားဆဲပါ။
ဒီလိုသမိုင်းမျိုးက မြန်မာနိုင်ငံရဲ့အခြေအနေကို ပြောနေတယ်လို့ သမိုင်းပညာရှင် ဒေါက်တာတိုးလှက ဆိုပါတယ်။ ကမ္ဗည်းစာတန်းတွေကိုကြည့်လိုက်တာနဲ့ လှူတဲ့သူတွေရဲ့စိတ်ထားကို သိနိုင်သလို ခေတ်ကိုလည်း ရှုမြင်သုံးသပ်နိုင်တာမို့ ဒီခေတ်တွေရဲ့သမိုင်းဟာ ကောင်းသလား၊ ဆိုးသလားဆိုတာ အဆုံးအဖြတ်ပေးနေတယ်လို့ သူက ပြောပါတယ်။
သိင်္ဂုတ္တရကုန်းတော်ပေါ်က ရွှေရောင်ဝင်းနေတဲ့ စေတီတော်မြတ်ကြီးဟာ အဆင့်အတန်းမရွေးဘဲ သန်းပေါင်းများစွာသောသူတွေရဲ့ ဦးခိုက်ညွှတ်တွားမှုကို ခံယူနေမြဲ၊ အံ့ဖွယ်တစ်ခုအဖြစ်နဲ့ ကမ္ဘာကြီးကို နှစ်ပေါင်းထောင်နဲ့ချီ ညှို့ငင်ဆွဲဆောင်နေဆဲပါပဲ။ ။                                            kamayutmedia.com
ဒီဘလော့စာမျက်နှာ မှ အကြောင်းရာများသည် အွန်လိုင်းပေါ် မှ ရှာဖွေစုစည်းဖေါ်ပြခြင်းဖြစ်ပါသည် အဆင်ပြေတယ်ဆိုရင် comments ရေးခဲ့ပါအုံး မိတ်ဆွေ မြန်မာစွယ်စုံမိသားစု မှ ကြိုဆိုပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်