ဟိုးအရင်တုန်းက စတော်ဘယ်ရီပင် သုံးပင် ရှိသတဲ့။ သူတို့ဟာ အမျိုးအစားတူညီတဲ့ စတော်ဘယ်ရီပင်တွေ ဖြစ်ကြပေမယ့် သူတို့ရှင်သန်တဲ့ အခြေအနေ ကတော့ ကွာခြားကြပါတယ်။ ပထမ စတော်ဘယ်ရီပင်လေးရဲ့ ဘ၀က အလွန်ကို ရိုးရှင်းပါတယ်။ သူမဟာ ဥယျာဉ်တစ်ခုထဲမှာ တစ်ခြား သစ်သီးပင်၊ ဟင်းသီး ဟင်းရွက်ပင်တွေနဲ့ အတူ ရှင်သန်ကြီးထွားလာပါတယ်။ တစ်နေ့မှာတော့ ဒီအပင်လေးဟာ လုံလောက်စွာ ကြီးပြင်းလာပီး သူမရဲ့အပင်က အသီးလေးတွေဟာ အနီရောင်တောက်တောက် အသီးလေးတွေအဖြစ် မှည့်ဝင်းလာပါတယ်။ လူစီလို့ ခေါ်တဲ့ ကောင်မလေးဟာ ဥယျာဉ်ထဲကို ရောက်လာပီး သူမရဲ့ ဇကာလေးနဲ့ စတော်ဘယ်ရီသီးတွေကို ခူးယူသွားပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ နေ့လည်စာအဖြစ် ခရင်မ်နဲ့ ရောပီး အားပါးတရ စားပါတော့တယ်။ စားပြီးတဲ့အခါ အရသာရှိလိုက်တာ လို့ တစ်ယောက်တည်း စဉ်းစားနေပါတယ်။
သူမနေတဲ့ လမ်းရဲ့ အောက်ဘက်မှာတော့ ချာလီလို့ ခေါ်တဲ့ ကောင်လေး တစ်ယောက် နေထိုင်ပါတယ်။
သူ့မှာ ကိုယ်ပိုင်ဥယျာဉ် မရှိပါဘူး။ ဒါပေမယ့် ဂျွန်လ ရဲ့ နေ့တစ်နေ့မှာတော့ သူဟာ ဆိုင်းဘုတ် တစ်ခုကို မြင်ခဲ့ပါတယ်။ ရေးထားတဲ့စာက “ကိုယ်တိုင်ခူးပါ” တဲ့ .. အဲ့ဒီစာတမ်းကပ်ထားတဲ့ အနီးနား ယာခင်းထဲမှာ ဒုတိယ စတော်ဘယ်ရီပင်လေး ရှိနေပါတယ်။ ဒါကြောင့် စနေနေ့မှာ သူဟာ သူငယ်ချင်းတွေနဲ့ အတူ စက်ဘီးစီးပီး အဲ့ဒီယာခင်းထဲကို ရောက်လာခဲ့ပါတယ်။ နောက်တော့ စတော်ဘယ်ရီးသီးတွေကို သူ့ရဲ့ သစ်သားခြင်းတောင်းငယ်လေးထဲမှာ ပြည့်လျှံတဲ့အထိ ခူးယူလာပါတယ်။ အိမ်ကိုရောက်တယ်ဆိုရင်ပဲ ခူးလာ တဲ့ စတော်ဘယ်ရီသီးတွေဟာ စားလို့ ကုန်သွားပါပြီ။ သူ့အိမ်အပြန်လမ်း တလျှောက်လုံး စားလာခဲ့လို့ပဲပေါ့။
တတိယတစ်ယောက်ကတော့ သူတို့လမ်းထဲက မစ်ရော်ဘင်ဆန် လို့ ခေါ်တဲ့ အမျိုးသမီး ဖြစ်ပါတယ်။ စတော်ဘယ်ရီးသီးကို အင်မတန် ကြိုက်နှစ်သက်သူ ဖြစ်လို့ တစ်နှစ်လုံးလိုလို စားဖြစ်ပါတယ်။ အနီးအနားက ကုန်တိုက်ကို သူမဈေးဝယ်ထွက်တဲ့ အချိန်တိုင်း စတော်ဘယ်ရီးသီးတွေ ၀ယ်လေ့ရှိပါတယ်။
ဒီနေ့မှာလည်း ခါတိုင်းလိုပဲ သူမဟာ ကားပေါ်ကိုတက်ပီး ကုန်တိုက်ဆီကို မောင်းသွားပါတော့တယ်။
အခု တတိယမြောက် စတော်ဘယ်ရီသီးလေးကတော့ ပိုပြီး ရှားပါးပါတယ်။ မစ်ရော်ဘင်ဆင်ဟာ အသီးတွေမှာ ကပ်ထားတဲ့ ဈေးနှုန်းနဲ့ ဘယ်က လာသလဲ ဆိုတာကို လိုက်ကြည့်ပါတယ်။ ဒါကတော့ မိုင်ပေါင်း ၉၅၈ မိုင်ကွာဝေးတဲ့ စပိန်နိုင်ငံက လာတာ။ စတော်ဘယ်ရီသီးတွေ အကုန်လုံးဟာ ပလတ်စတစ်ဗူး တွေ ထဲမှာ ထည့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အသီးတွေကို သယ်ဆောင်လာတဲ့ ခရီးတစ်လျှောက်မှာ ထိခိုက်မှု မရှိစေဖို့ ဖြစ်ပါတယ်။ ကုန်တိုက်မှာ တကယ့် အကောင်းဆုံး အသီးတွေကိုပဲ ရောင်းချတာပါ။
စတော်ဘယ်ရီသီးတွေဟာ အပင်ကနေ ခူးပြီးတာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်ကို တင်ပြီး ဗြိတိန် နိုင်ငံကို အမြန်ဆုံး ပို့ဆောင်ပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်မှာ တင်လာတဲ့အသီးတွေဟာ လေထုညစ်ငြမ်းမှုရဲ့ ဒဏ်ကိုလည်းခံရပါတယ်။ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် လို့ ခေါ်တဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓါတ်ငွေ့တွေကြောင့် ဖြစ်ပါတယ်။ ဒါတင်မက .. ယာခင်းကနေ လေဆိပ်ဆီကို ရောက်ဖို့အသီး တွေဟာ ထရပ်ကားကြီးတွေထဲမှာ လိုက်ပါခဲ့ရပါတယ်။ အဲ့ဒီနောက် လေယာဉ်ပျံထဲမှာ အချိန်ကုန်ရပါတယ်။ လေယာဉ်ဆိုက်ရောက်တဲ့အခါမှာတော့ သူတို့ကို နောက်ထပ် ထရပ်ကားတစ်စီးနဲ့အတူ ကုန်လှောင်ရုံကို သယ်ဆောင်သွားပါတယ်။ ဒီထရပ်ကားတွေဟာ အနံသိပ်ဆိုးပီး ပတ်ဝန်းကျင် လေထုကိုလည်း ညစ် ညမ်း စေပါတယ်။ ကုန်လှောင်ရုံကို ရောက်တဲ့အခါမှာတော့ သယ်ဆောင်လာတဲ့အသီးတွေထဲက အကောင်းဆုံး အသီးတွေကို ရွေးချယ်ပီး ပလတ်စတစ် ဗူးတွေထဲကို သေသေသပ်သပ် လှလှပပ ထည့်သွင်းပါတယ်။ ပီးတဲ့အခါမှာတော့ နောက်ဆုံးအဆင့်အနေနဲ့ လော်ရီကားတွေပေါ်ကို တင်ပီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကုန်တိုက်အသီးသီးကို ပို့ဆောင်ပါတယ်။ ဒါကြောင့် ဒီတတိယ စတော်ဘယ်ရီသီးလေးတွေဟာ ခရီးမိုင်ပေါင်းများစွာ ဖြစ်ကျော်လာရပါတယ်။
“အစားအသောက်မိုင်များ ဆိုတာက ကိုယ်စားမယ့် အစားအသောက်ဟာ ကိုယ့်ဆီကိုရောက်ဖို့ ဘယ်လောက်ဝေးဝေး ခရီးထွက်ခဲ့ရလဲ၊ သူဖြတ်ကျော်ခဲ့တဲ့ လမ်းခရီးက သူ့အပေါ် ညစ်ညမ်းမှုတွေ ဘယ်လောက်များများ သက်ရောက်စေခဲ့သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဥပမာ- လေယာဉ်ပျံတွေဟာ သင်္ဘောတွေထက်ကို ပိုပီး ညစ်ငြမ်းမှုဒဏ်ကို ခံရပါတယ်။”
စတော်ဘယ်ရီသီးလေးတွေဟာ ဈေးကွက်ဖြစ်တဲ့ ကုန်တိုက်တွေက သစ်သီးစင်ပေါ်ကို ရောက်တယ်ဆိုရင်ပဲ ၀ယ်သူတွေ လာကြပါတယ်။ အထူးသဖြင့်တော့ ကိုယ်ပိုင်ကားနဲ့ လာရောက် ဈေးဝယ်ကြသူတွေ ဖြစ်ပါတယ်။ ၀ယ်သူတွေဟာ သစ်သီးလေးတွေ ဖြတ်ကျော်လာရ တဲ့ အံ့သြစရာကောင်းလှတဲ့ ခရီးရှည်ကြီး ဖြစ်တဲ့ ညစ်ညမ်းမှု ခရီးစဉ်ကို ဘယ်တုန်းကမှ မစဉ်းစားမိကြပဲ ဆိုင်တွေပေါ် ရောက်လာတဲ့ အသီးတွေကသာ အလျင်အမြန် ၀ယ်ယူသွားကြမြဲ ဖြစ်ပါတယ်။ မစ်ရော်ဘင်ဆန်လို လူမျိုးတွေ ဂရုစိုက်တာကတော့ သူတို့ ကြိုက်တဲ့အသီးကို တစ်နှစ်ပတ်လုံး စားနေရဖို့ သာ ဖြစ်ပါတယ်။
သူတို့ ဟာ ပြန်လည် ပြုပြင် အသုံးပြုလို့ မရတဲ့ ပလတ်စတစ်ဗူးတွေ အကြောင်းကိုလည်း အရေးမစိုက်ပါဘူး။ အမှိုက်ပုံးထဲသို့ အလွယ်တကူ လွှင့်ပစ်လိုက်ရုံ ပါပဲ။ တစ်ဖက်မှာတော့ လူစီနဲ့ ချာလီတို့ ဟာ စတော်ဘယ်ရီသီးကို နွေရာသီမှာပဲ ရရှိနိုင်တဲ့ အထူးစားသောက်ဖွယ်ရာတစ်ခု အနေနဲ့ ပျော်ရွှင်စွာ စားသုံးကြပါ တယ်။ ဒီ့အပြင် သူတို့နေထိုင်တဲ့ နေရာ အနီးနားဝန်းကျင်ကနေ ပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေပဲ ကိုယ်တိုင် ခူးဆွတ် စားသုံးနိုင်လို့ပဲ ဖြစ်ပါတယ်။
ကျနော်တို့ အဓိက သတိထားသင့်တာကတော့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သူတို့ရာသီချိန်မှာ သဘာဝအတိုင်း ရင့်မှည့်လာလို့ စားဖို့အသင့် အနေအထား ရောက်တဲ့အခါမျိုးမှ ၀ယ်ပါ၊ ခူးဆွတ်ပါ။ ဥပမာ - ဆောင်းရာသီမှာ စတော်ဘယ်ရီသီးကို စားဖို့ မရှာပါနဲ့။ ပြောချင်တာက ကုန်တိုက်မှာရှိတဲ့ ဆောင်းရာသီ စတော်ဘယ်ရီသီးဟာ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ရာသီဥတု ပိုပူတဲ့ တိုင်းပြည်တစ်ခုကနေ ခရီးထွက်လာရလို့ပဲ ဖြစ်ပါတယ် ..။
Ref: THE YIPPITTEE! (FOR KIDS WHO ARE CRAZY ABOUT CONSERVATION!), ISSUE 2, DECEMBER 2009
FOOD GLORIOUS FOOD!
PUBLISHED BY YOUNG PEOPLE'S TRUSE FOR THE ENVIRONMENT
-- ခိုင်ခိုင် --

No comments:
Post a Comment