ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ပန်းသည်တစ်ဦးဟာပန်းရောင်းဖို့ပန်းခြင်းကိုထမ်းပြီး
ထွက်လာခဲ့ပါသတဲ့။ အဲဒီလိုလာရင်းနဲ့ပန်း
ရောင်းသွားမယ့်ရွာကို မရောက်ခင်အင်မတန်
အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီးတစ်ပင်အောက်
မှာ ခဏလောက်အမောအပန်းဖြေဦးမယ်ဆိုပြီး
သစ်ပင်အောက်ဝင်ပြီးနားနေပါတယ်။
အဲဒီအချိန်မှာ ခါးပုံမှာခါးနှီးစည်းညှပ်ပြီးပျိုးနုတ်
ဖို့လာတဲ့ လူတစ်ယောက်ကလည်း အနီးအပါး
က စပါးပျိုးခင်းကိုကြည့်ကာ ခဏ၀င်ထိုင်လိုက်
သတဲ့။ ပြီးတော့ ခါးပုံမှာပါလာတဲ့နှီးစည်းကို
ဖြုတ်လိုက်ပြီး ပျိုးခင်းထဲမှာရေစိမ်ထားလိုက်
ကာ ပါးစပ်ကလည်း အင်း ဒီပျိုးခင်းလောက်
တော့ ထမင်းစားပြီးမှနုတ်လဲတစ်ခဏပဲဟာ
လို့ပြောပြောဆိုဆို ထမင်းထုတ်ကိုဖြေပြီး
ထမင်းစားနေပါရောတဲ့။
ပန်းရောင်းသွားမယ့် ပန်းသည်ကလည်း
အဲဒီပျိုးနုတ်မယ့်လူကို တစေ့တစောင်းကြည့်
ပြီးတော့ အင်း ဒီလယ်သမားဟာတော်တော်
ပျိုးနုတ်သန်ပုံရတယ်။ ဒီလောက်များတဲ့ပျိုး
ခင်းကို တစ်ခဏနဲ့ပြီးအောင်နုတ်မယ့်ဟန်ရှိ
တယ်။ စောင့်ကြည့်ရရင်ကောင်းမှာပဲဆိုပြီး
စောင့်ကြည့်ဖို့စိတ်ကူးနေသတဲ့။ ရှေးတုန်း
ကတော့ ပျိုးနုတ်ကောင်းတာဟာ တောင်
သူလယ်သမားတွေအဖို့ ဂုဏ်ယူစရာလည်း
ဖြစ် တစ်ယောက်နဲ့တစ်ယောက်လည်း
အတုယူအပ်တဲ့လုပ်ငန်းလည်းဖြစ်တာမို့
လယ်ထဲမှာပျိုးနုတ်ကောင်းသူပျိုးနုတ်နေ
ပြီဆိုရင် အခြားလယ်သမားတွေကစောင့်
ကြည့်ကြ၊ အတုခိုးကြတဲ့ထုံးစံရှိတယ်။
ဒါကြောင့်မို့အခုလည်းပဲ ပန်းသည်ကပျိုး
နုတ်ကောင်းသူတော့တွေ့ပြီထင်တာနဲ့
မျှော်လင့်တကြီးစောင့်ပြီးကြည့်တာပေါ့။
ပျိုးနုတ်မယ့်သူကလဲ ထမင်းစားသောက်
လို့ပါးစပ်တွေလက်တွေဆေးပြီးတာနဲ့
ပျိုးနုတ်ဖို့မပြင်သေးဘဲခေါင်းပေါင်းလာ
တဲ့ပုဆိုးစကိုဖြုတ်ပြီး သစ်ပင်ရင်းက
သစ်မြစ်ကြီးတစ်ခုပေါ်မှာခေါင်းအုံးပြီးပါ
လာတဲ့ ဆေးပေါ့လိပ်ကလေးကိုမီးညှိ
ကာ တစ်ဖွာနှစ်ဖွာရှိုက်လိုက်ရင်း အင်း
ဒီပျိုးခင်းလောက်တော့ နေအေးမှနုတ်
ဦးတော့ တစ်ခဏပဲလို့ပြောပြောဆိုဆို
လှဲအိပ်နေပါသတဲ့။
မကြာခင်မှာပဲဟောက်သံတွေပေးပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာပဲ။
ပျိုးနုတ်ပုံကိုမျှော်လင့်တကြီးစောင့်ကြည့်
နေတဲ့ ပန်းသည်ကတော့ စိတ်မပျက်သေး
ဘူးတဲ့။ စောင့်လက်စနဲ့ဆက်ပြီးစောင့်ကြည့်
ဦးမှပဲ။ ဘာပဲဖြစ်ဖြစ်ဒီလောက်ပျိုးနုတ်သန်
တဲ့မြန်တဲ့သူပျိုးနုတ်တာကိုခဏခေတ္တပဲဖြစ်
ဖြစ်ကြည့်ခွင့်ရရင်စောင့်ရကျိုးနပ်မှာပဲ။
တစ်ခဏလောက်ကြည့်ပြီးမှပဲ ပန်းရောင်း
သွားတော့မယ်လို့ဆုံးဖြတ်ပြီး အထင်တကြီး
နဲ့စောင့်မြဲတိုင်းစောင့်ကြည့်နေတာပဲတဲ့။
ပျိုးနုတ်မယ့်သူကလည်း အိပ်ကောင်းကောင်း
နဲ့ အိပ်ပျော်နေလိုက်တာ နေအတော်စောင်း
သွားမှ အိပ်ရာကနိုးသတဲ့။ အိပ်ယာကနိုးတယ်
ဆိုရင်ပဲ အိပ်ယာမှထကာ ပုဆိုးစကိုခေါင်းမှာ
ပြန်ပေါင်းပြီး ပျိုးခင်းထဲမှာရေစိမ်ထားတဲ့
နှီးစတွေကိုကောက်ယူပြီးတော့ အင်း နေများ
တယ်ကျလွယ်တာကိုး၊ မကြာခင်နေ၀င်တော့
မယ်။ အခုပျိုးနုတ်ရင်အချိန်မီပြီးမှာမဟုတ်
သေးဘူး။ မနက်ဖြန်မနက်စောစောမှပဲနုတ်
တော့မယ်လို့ပြောဆိုကာ ထမင်းထုတ်ကလေး
ထမ်းကာ သွားပါရောတဲ့။
အဲဒီတော့မှ အထင်တကြီးနဲ့စောင့်နေတဲ့
ပန်းသည်လည်း မျှော်လင့်ချက်ပျက်ပြီး
နောင်တရသတဲ့။ ပန်းရောင်းသွားဖို့အချိန်
ကလည်းမရှိတော့ဘူး။ ပန်းတွေကလည်း
ညှိုးနွမ်းကုန်ပြီမို့ ဖွတ်မရ ဓါးမဆုံးကိန်းနဲ့
ကြုံနေတာကိုး။ ဒါကြောင့်မို့ သူတစ်ပါး
မျှော်ကိုး ပန်းတွေညှိုးလို့ပြောတာပေါ့နော်။
ဒီပုံပြင်ကလေးနဲ့ပတ်သတ်ပြီးတွေးမိတာ
ကလေးကတော့
၁။ ပုံပြင်ထဲက ပန်းရောင်းသွားမယ့်ပန်းသည်
လိုပဲ မိမိတို့ဟာလည်း ဒီလောကကိုရည်ရွယ်
ချက်တစ်ခုနဲ့ရောက်လာသူတွေဖြစ်ကြောင်း
၂။ ပုံပြင်ထဲက ပန်းသည်ကြီးဟာ ပျိုးနုတ်
သမားကို အထင်ကြီးစိတ်ဝင်စားမိလို့ကိုယ့်
ရဲ့လာရင်းကိစ္စကို မေ့လျော့သွားသလို
မိမိတို့ဟာလည်း ပတ်ဝန်းကျင်မှာဝန်းရံနေ
တဲ့ မိမိအကျိုး လောကအကျိုး သာသနာ
အကျိုးကို မတိုးပွားစေတတ်တဲ့ သတင်း
အချက်အလက်တွေကိုစိတ်ပါဝင်စားနေ
ရင်းက ဘ၀ရဲ့အစစ်အမှန်သဘာဝတွေ
ကိုမေ့လျော့သွားစေနိုင်ကြောင်းနဲ့
၃။ နောက်ဆုံးမှာတော့ ပန်းသည်ကြီးကြုံရ
တဲ့အဖြစ်လိုမျိုးပဲ မိမိတို့လည်းဘ၀နေ၀င်ချိန်
မှာ သူတော်ကောင်းတရားဟူသောအဖိုးအခ
ကိုရစေနိုင်တဲ့လူ့ဘ၀ရဲ့အမြတ်ဆုံးရောင်း
ကုန် ပါရမီကုသိုလ်ပန်းတွေ ညှိုးနွမ်းနေတဲ့
အဖြစ်မျိုးရင်ဆိုင်တွေ့ကြုံနိုင်ကြောင်းတို့ပဲ
ဖြစ်ပါတယ်။
တော်ဝင်နွယ်
အပ္ပမာဒဓမ္မပုံပြင်များ
No comments:
Post a Comment