Thursday, October 23, 2014

ပန်းနွမ်းတစ်ပွင့် ပုံပြင်

                                                                 (၁)
မာန၊ အတ္တ စတဲ့ စိတ္တဇနာမ်အပြင် သနားခြင်း (Pity) ဆိုသောအရာသည် လူတွေရဲ့စိတ်မှာ ကိန်းအောင်နေ တတ်ကြပြီး လိုအပ်လျှင် ရုတ်တရက်ထွက်လာတတ်သည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကတော့ သူတစ်ပါးကို သနားတတ်တဲ့နေရာမှာ တိုင်း တစ်ပါးထက်သာလွန်ကြောင်း ဆရာတစ်ယောက်က ပြောဖူးသည်။
“နေထူး”ဆိုသော ကျွန်တော့်ဘ၀တွင် အဲဒီ “သနားခြင်း” ဆိုသောအရာနဲ့ အကြီးအကျယ်ဆုံး၊ ထိပ်ဆုံးမှာ တွေ့ခဲ့ရသော အချိန်မှာ အသက်ဆယ့်ရှစ်အရွယ် Second Year ကျောင်းသားဘ၀မှာ ကျရောက်ခဲ့ပါသည်။
ကျွန်တော့်တစ်သက် မတွေ့ဖူးသော ရက်စက်ကြမ်းကြုတ်မှု၊ လူသားချင်း ကိုယ်ချင်းစာစိတ်မရှိမှုတွေကိုလည်း အဲဒီအချိန်မှာ တစ်ပြိုင်တည်း တွေ့မြင်ခဲ့ရသည်။
ထို့အတူ …….
ဘ၀ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း၊ လှိုင်းဒဏ်ကြောင့် နစ်တစ်ချက် ပေါ်တစ်ခါဖြစ်နေသော ပန်းပွင့်လေး တစ်ပွင့်ရဲ့အဖြစ်ကိုလည်း သင်ခန်းစာယူခဲ့ရသည်။ ကျွန်တော့်စိတ်ထဲမှာတော့ အဲဒီပန်းကလေးကို စေတနာပိုတာလား၊ ဂရုဏာဖြစ်မိတာလား၊ မေတ္တာတွေ အတိုင်းအဆမဲ့သွားတာလား မပြောပြတတ်ပါ။
သေချာတာကတော့ ပန်းကလေးဟာ ကျွန်တာ့်ဘ၀ရဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ ဒဏ္ဍာရီမဟုတ်တဲ့ ဇာတ်လမ်း တစ်ပုဒ်အဖြစ်နဲ့ ကျွန်တော့်ရင်ထဲမှာ မှတ်တမ်းတင်ခဲ့ရသည်ဆိုပါစို့။
……………………………………………………………………………………………………………
…………………………………..
(၂)
“ဝေေ၀ချို  . . . . လာဦး”
အဲဒီခေါ်သံကို ကျွန်တော်စတင်သတိထားမိပြီး ပတ်ဝန်းကျင်ကို မျက်လုံးနဲ့ စနည်းနာလိုက်မိသည်။ ခေါ်နေသူမှာ ကျွန်တော်ရောက်နေတဲ့ အိမ်ပိုင်ရှင်ကောင်မလေး။ သူ့နာမည်က ဆောင်းနှင်းဝေတဲ့။ နာမည်လှသလို လူကလည်းအပျံစား။
ကျွန်တော်တို့တွေက ဆောင်းနှင်းဝေတို့အိမ်မှာ လူစုပြီး ကျူရှင်ယူကြခြင်းပါ။ စာသင်မယ့် ဆရာမက နာရီအတိ အကျမှ ရောက်တတ်သော်လည်း ကျောင်းသားတွေကတော့ တစ်နာရီလောက် စောရောက်တတ်ကြပြီး စာသင်ဝိုင်း မှာ အသီးသီးတွတ်ထိုးနေတတ်ကြစမြဲ။
ဆောင်းနှင်းဝေရဲ့အနားမှာ ဝေေ၀ချိုဆိုတဲ့ ကောင်မလေးရောက်လာသည်။ ကျစ်ဆံမြီးနှစ်ဖက် ကျစ်လျက် ဆွဲခြင်းတောင်းလေးကို ကိုင်ထားသည်။
“ဒါ ဘယ်သူ့ ဖို့လဲ”
ဆောင်းနှင်းဝေက ဝေေ၀ချိုရဲ့ ဈေးဆွဲခြင်းတောင်းလေးထဲမှ ဇီးထုတ်ကို ဆတ်ခနဲကောက်ကာ မေးလိုက်ခြင်း ပင်။
“မေးနေတယ်လေ။ ဒါ ဘယ်သူဖို့လဲ“
“ဟို …ချို စားချင်လို့ ၀ယ်လာတာပါ”
ဖြေသံကမချင့်မရဲ။ ဆောင်းနှင်းဝေက အဲဒီဇီးထုတ်ကို ယူထားလိုက်ပြီး “သွားတော့” လို့ အမိန့်ပေးတာနဲ့ သူမ သုတ်သုတ်လေးထွက်သွားသည်။ ဘာမှပြန်မပြောရဲ။
ကျွန်တော့်စိတ်ထဲမှာ ဆောင်းနှင်းဝေးကို ဘ၀င်မကျဖြစ်သွားမိသည်။ သူများတကာစားချင်လို့ ၀ယ်လာတဲ့ အရာကို သူမို့လို့ယူပြီး မြိန်ရေယှက်ရေ ၀ါးနေလိုက်တာ။ ဝေေ၀ချိုဆိုတဲ့ မိန်းကလေးအတွက် ကျွန်တော်စိတ် မကောင်းမိ။ အဲဒီအချိန်ပိုင်း တဒင်္ဂလေးကစပြီး ဝေေ၀ချိုဆိုသော ကောင်မလေးအပေါ် တစ်စုံတစ်ရာသော ဂရုဏာ သက်ဝင်မိခဲ့သည်။
ခဏကြာတော့ ဆရာမရောက်လာ၍ အာရုံတွေ စာဘက်ကို နှစ်ပစ်လိုက်သည်။ နှစ်နာရီလောက်ကြာ ပြီးနောက် ဒီနေ့အတွက် သင်ခန်းစာတွေကို ဆရာမက အပြီးသတ်လိုက်၏။
“နေထူး  . . . ငါ ဆောင်းနှင်းဝေကို သိပ်ဘ၀င်မကျဘူး”
အသီးသီးပြန်ကြတော့ ကျွန်တော့်သူငယ်ချင်း အာကာက လှမ်းပြောလိုက်ခြင်းပင်။
“ဟေ”
ကျွန်တော်က ဘာကြောင့်လဲ လှမ်းမေးတော့ အာကာက မေးထိုးပြသည်။ ကျူရှင်အပြီး ဘယ်အချိန် ခြံဝင်းထဲရှိဒါန်းပေါ်ကို ရောက်သွားမှန်းမသိသော ဆောင်းနှင်းဝေ။ ဒါန်းပေါ်မှာ မြိန်မြိန်လေးထိုင်ပြီး သူငယ်ချင်းတစ် ယောက်နဲ့ စကားပြောနေသည်။ ဆောင်းနှင်းဝေရဲ့ရှေ့မှာ ဒူးထောက်ထိုင်လျက် ခြေသည်းညှပ်ပေးနေသော ဝေေ၀ချို။
“အော်”။ ကျွန်တော့်ရင်ထဲ မကောင်းလှ။ လူပေါ်လူကျောခြင်း။ ကိုယ့်အသက်နဲ့ မတိမ်းမယိမ်း လောက်သာရှိမယ့် မိန်းကလေးတစ်ယောက်ကို အိမ်ဖော်ဆိုပြီး မခိုင်းသင့်တဲ့အရာတွေခိုင်းတဲ့ မိန်းကလေးနဲ့ လူရှေ့သူရှေ့မှာ အရှက်ကိုဘေးဖယ်ထား၊ ရွယ်တူကောင်မလေးတစ်ယောက်ရဲ့ ခြေထောက်ကို ခြေသည်းညှပ်ပေး နေရသော မိန်းကလေးတစ်ယောက်။
“အိမ်ဖော်နဲ့ အရှင်သခင်ဆိုကာ မိုးနဲ့မြေလောက်မကွာပါဘူးကွာ။ လူလူချင်းပဲ . . . . ဟီရိသြတ္တပ္ပ တရားဆိုတာ ကိုယ့်မှာရှိရရုံတင်မဟုတ်ဘူး။ သူတစ်ပါးကိုလည်း ငဲ့ညှာပြီး စဉ်းစားပေးသင့်တယ်လို့ ငါထင်တယ်။ ဆောင်းနှင်းဝေမှားတယ်”
အာကာ ထောက်ခံသည်။
………………………………………………………………………………………………………………………………………
(၃)
          အာကာရဲ့ မိဘတွေနဲ့ ဆောင်းနှင်းဝေရဲ့ မိဘတွေက မိတ်ဆွေရင်းချာတွေတဲ့။ အာကာပြောပြလို့ ကျွန်တော်သိရသည်။
IC မေဂျာတွင် First Year ကတည်းက တစ်ခန်းတည်းဖြစ်၍ ရင်းနှီးသောအာကာနဲ့ ကျွန်တော်သည် 2nd Year ရောက်မှ တပူးပူးတတွဲတွဲ နေဖြစ်ခဲ့ရာမှ ဇာတ်လမ်းစတော့သည်။
အာကာ က ဆောင်းနှင်းဝေတို့ အိမ်ကို ကျူရှင်မရှိတဲ့ တစ်နေ့သွားတော့ သူနဲ့အတူ ဂစ်တာ ခေါက်နေတဲ့ ကျွန်တော်ပါလိုက်သွားဖြစ်သည်။ (အာကာက ဆောင်းနှင်းဝေကို ကြည့်မရသလို ဆောင်းနှင်းဝေက လည်း အာကာကိုဆို လုံးဝမျက်နှာချင်းမဆိုင်ပါ။)
“ဒက်ဒီတို့ မာမီတို့နဲ့ ခင်နေကြလို့ပေါ့ကွာ။ ငါ တကယ်ကြည့်မရဘူး။ အဲဒီ ငနာမလေးတစ်ယောက် တည်းကိုပဲ မဟုတ်ဘူး။ အကုန်လုံးကို . . . . သူတို့မိသားစုက . . . တစ်မျိုးကွ . . .”
အာကာပြောပြသော စကားတွေက အဲဒီအချိန်တုန်းက အမှတ်တမဲ့ပါ။ ဒါပေမဲ့ “တစ်မျိုး” ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သိပ်မကြာခင်မှာပဲ ကျွန်တော်သိလိုက်ရသည်။
“ငါ့ ဒက်ဒီက အဲဒီအိမ်က အဘိုးကြီးဆီမှာ အိမ်ပုံစံယူခိုင်းလိုက်တယ်။ ဒက်ဒီနဲ့ သူနဲ့က ကုမ္ပဏီတစ်ခုတည်း။ Construction တွေကို တာဝန်ယူထားတဲ့ အခိတက်တွေလေ”
အဲဒီအိမ်ကိုရောက်တော့ ညခုနစ်နာရီလောက်တော့ရှိပြီဖြစ်သည်။ ခြံတံခါးဖွင့်ထားတာမို့ ခွင့်မတောင်းပဲ ၀င်ခဲ့ကြသည်။ ဆင်ဝင်အောက်ရောက်တော့ အိမ်ထဲမှ ဆူဆူညံညံ အသံတွေကြောင့် နှစ်ယောက်သားမ၀င်သေးဘဲ ဘာတွေဖြစ်နေကြသလဲဆိုတာ တိတ်တဆိတ်သိချင်ဇောနဲ့ တံခါးမကြီးဆီကိုမသွားသေးဘဲ ဘေးဖက်ပြတင်းပေါက်မှ ချောင်းကြည့်မိကြသည်။
““အမျိုးယုတ်မ . . . . နင်ကများ ငါမရှိခင် အခန်းထဲဝင်ပြီး ငါ့ယောက်ျားကို မြူဆွယ်တယ်ပေါ့လေ။ အမဲရိုး ဟင်းအိုးမှ အားမနာ . . . . ကဲဟယ် . . . . မြူဆွယ်ဦး”
ရိုက်သံပုတ်သံများကြားရသည်။ ပြတင်းပေါက်မှ ခေါင်းပြူ၍ မရဲတရဲကြည့်တာမို့ သေချာလည်း မမြင်ရ။
“မဟုတ်ဘူး အန်တီလေး မဟုတ်ဘူး။ ချို . . . . အခန်းရှင်းဖို့ဝင်မိတာပါရှင် . . . တကယ်ပါ . . . . ကျိန်ဆို ကျိန်ရဲပါတယ် . . . . ”
“နင်ကများ ငါ့ကို ငြင်းချင်သေးတယ်။ ဒီလောက် လက်ပူးလက်ကြပ်မိတာတောင် . . . ”
“ကဲ . . . မိန်းမရေ . . . ပြောမနေနဲ့တော့ . . . တကယ်မဟုတ်ပဲနဲ့ . . . လူကြားရင် ရှက်ဖို့ကောင်းတယ် . . . လာ သွားမယ်”
“ကျွန်မ မရှိခင် အခန်းထဲဝင်တာကို မကြိုက်ဘူးဆိုတာ သူသိရက်နဲ့ မောင်။ အဲဒါ . . . ကျွန်မ လွန်သလား။ သူ့ကို အတန်တန် ပြောထားတာလေ . . . ”
“ကဲပါ . . . ဟုတ်ပါတယ်။ နောက်မလုပ်ရင် ပြီးရောပေါ့။ မှတ်လောက်သားလောက်အောင် ဆုံးမပြီးပြီပဲ . . .”
ဝေေ၀ချို ကုတ်ကုတ်ကလေး ထိုင်ကာ တရှုံ့ရှုံ့ ငိုနေသည်။ ဆောင်းနှင်းဝေကိုတော့ မတွေ့ရ။ အဲဒီအဖြစ်ကို ကျွန်တော်ကြားရုံနဲ့ ဖြစ်ရပ်အကျဉ်းချုပ်ကို သိလိုက်ပြီ။
“ဘယ်သူ့ဘက်က အမှန်လဲ ?”
နောက်မှ သေချာစဉ်းစားရမည်။
အာကာက ကျွန်တော့်ကို လက်ကုတ်လိုက်ကာ အိမ်ထဲဝင်ရန်အချက်ပေးတော့ အသံပြုပြီးအိမ်ထဲဝင်ခဲ့သည်။ ဆောင်းနှင်းဝေရဲ့ မိခင် ဒေါ်မိမိနှင့် ဖခင်ဦးသိန်းအောင်တို့မှာ ခုနက ဘာမှမဖြစ်ခဲ့သော ဟန်ဆောင်မျက်နှာဖုံးတပ်ကာ ကျွန်တော်တို့ကို ဧည့်ခံခဲ့သည်။ ကျွန်တော်တို့ အိမ်ထဲဝင်လာတော့ ကုတ်ကုတ်လေး ထိုင်နေရာမှ ဆတ်ခနဲထကာ အခန်းထဲဝင်သွားသော ဝေေ၀ချိုကို တွေ့လိုက်ရ၏။ သူမရဲ့ ကျောပြင်ကို ကြည့်ကာ ကျွန်တော့်ရင်ထဲ စိတ်မကောင်း ခြင်းကြီးစွာဖြစ်မိရသည်။ အပြန်မှာ အာကာ့ကို ကျွန်တော်မေးမိသည်။
“ဝေေ၀ချိုဟာ တကယ်ပဲ အဲဒီလိုမိန်းကလေးလား မင်းခန့်မှန်းကြည့်စမ်း အာကာ”
“Impossible”
“ငါ အကောင်းမေးနေတာကွ”
“ငါလည်း . . . . အကောင်းဖြေနေတာပါ ငထူးရ။ မင်းက ဝေေ၀ချိုကို အခုမှ တွေ့လို့သနားတာ . . .။ ငါတွေ့တာကြာလှပြီ . . . ။ သူ့ဘ၀ ဘယ်လောက်သနားဖို့ကောင်းသလဲဆိုတာ မင်းထက်ငါ အများကြီးသိတယ်။
သိချင်လား”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။
“သူ့မှာ အဖေမရှိတော့ဘူး။ အမေတော့ရှိတယ်။ သူ့အမေမှာ အခု လက်ရှိယောက်ျား သုံးယောက် တစ်ပြိုင်တည်းရှိတယ်။ အမေရဲ့လောင်းရိပ်အောက်မှာ ကြီးပြင်းလာတဲ့ ဒီမိန်းကလေးဟာ ဒီပုတ်ထဲကပဲ ပဲလို့ ပတ်ဝန်း ကျင်ကယူဆကြတယ်။ သူ့အမေကလည်း တော်တော်ဆိုးတဲ့အမျိုးသမီး . . . . မိန်းမတန်မဲ့ လောင်းကစားမတရား လုပ်တယ်။ နေတဲ့အိမ်က ခေါင်မိုးမရှိသလို ကျိုးတိုးကျဲတဲ။ ဒါပေမဲ့ စီးကရက်လက်ကမချ။ ယောက်ျားတွေကိုလည်း ချူတတ်တယ် . . . သူတို့ရွာမှာ သူများတံထွေးခွက်တဲက လူပေါ့။ အန်ကယ်လ် ဦးသိန်းအောင်က သူ့ Construction အတွက် အလုပ်ကိစ္စသွားရင် အဲဒီရွာကလေးကို ရောက်သွားပြီး သူ့အိမ်မှာ အိမ်ဖော်လိုနေတာနဲ့ ဝေေ၀ချိုကို ခေါ်လာတာ . . . ”
“ဝေေ၀ချို တို့ရွာက ဘာရွာလဲဟင်”
“တောင်ငူနဲ့ သိပ်မဝေးဘူးလို့ပြောတယ်။ သေချာမသိဘူးကွ”
ကျွန်တော် . . . ဘာရယ်ကြောင့် မသိ။ အဲဒီ . . . . ကောင်မလေးဘ၀အတွက် ၀မ်းနည်းပေးနေမိသည်။
“သားသမီးမကောင်း မိဘခေါင်းတဲ့။ မိဘမကောင်းတော့လည်း သားသမီးခေါင်းပေါ့ကွာ။ တကယ်တော့ ဝေေ၀ချိုက သူ့အမေလို ကောင်မလေးမဟုတ်ပါဘူးကွာ။ ဝေေ၀ချို ရွာကထွက်လာတော့ ရွာသားတွေက သူ့ဘ၀တော့ အေးချမ်းပြီလို့ မှတ်ချက်ပေးကြတယ်တဲ့။ ဒါပေမဲ့ အဲဒါ မှားယွင်းမှုပဲ”
ကျွန်တော်ထောက်ခံပါသည်။ မျက်မြင်ကိုယ်တွေ့မို့ ဝေေ၀ချိုရဲ့ လက်ရှိဘ၀ဟာ အရင်ဘ၀နဲ့ ကွာလှမှာတော့ မဟုတ်ပါ။
“ဆောင်းနှင်းဝေတို့ မိသားစုက အရမ်းရက်စက်ကြတယ်။ ကိုယ်ချင်းစာစိတ်မရှိကြဘူး။ ဝေေ၀ချိုကို နှိပ်စက်ပုံ များ ဘေးလူကတောင် စိတ်မကောင်းဖြစ်ရတဲ့အထိ။ ဟင်းချက်ရင် ဟင်းတစ်တုံးလောက်သွားမစားမိနဲ့။ ဈေးဝယ်ရင် ပိုက်ဆံလေးငါးဆယ်လောက် မကွာလိုက်မိနဲ့၊ အဲဒီလောက်အသေးအဖွဲ့ကိစ္စလေးတွေကအစ မှားယွင်းလုပ်မိခဲ့ရင် သူ့အတွက် မသက်သာလှဘူး။ ဒီအရွယ်ကြီးကို ကြိမ်လုံးနဲ့တရွှမ်းရွှမ်း မညှာမတာ ရိုက်တတ်ကြတာ”
အာကာရဲ့ စကားလုံးများသည် ကျွန်တော့်ရင်ထဲမှာ ဝေေ၀ချိုကို တစ်စထက်တစ်စ သနားကြင်နာလာမိအောင် တွန်းအားပေးသော အရာများဆိုတာ ကျွန်တော်သံသယဖြစ်စရာမလိုပါ။
…………………………………………………………………………………………………………………………………………..
(၄)
          “ဝေေ၀ချို”
ကံကောင်းထောက်မစွာ သူမနဲ့ ကျွန်တော် နှစ်ယောက်တည်းစကားပြောခွင့်ကြုံရသည်။ ကျွန်တော် သူမနဲ့ စကားပြောချင်တာ သူမကို စတွေ့ကတည်းကပါ။
“ရှင်”
သူမ ထူးသံကမချင့်မရဲ။
မီးဖိုချောင်ထဲမှာ ပန်းကန်တွေဆေးနေခြင်းပင်။ ကျွန်တော်က တွိုင်းလပ်သွားပြီးအထွက်မှာ တွေ့၍ သွားခေါ် လိုက်ခြင်းပင်။
“ကျွန်တော် ကူလုပ်ပေးရမလားဟင်”
“အို . . . ရပါတယ်။ နေပါစေရှင်”
သူမ ခေါင်းကိုတွင်တွင်ခါသည်။
သူမရဲ့လည်ပင်းမှာ အစင်းရာကြီးထင်နေတာကို ကျွန်တော်သတိပြုမိသည်။
“ဟို . . . လည်ပင်း . . . လည်ပင်းက ဒဏ်ရာကြီးက ဘာဖြစ်တာလဲဟင်”
သူမ ရှိုးတိုးရှန်းတန်းဖြစ်ကာ ခေါင်းကိုငုံ့ထားသည်။ ခဏကြာတော့ (ရှက်လို့လားမသိ) အိမ်ထဲပြေးဝင်သွား သည်။ သူမရဲ့ အပြုအမူတွေက ကျွန်တော့်မြင်ကွင်းထဲပျောက်ကွယ်မသွားနိုင်အောင်။
ကောင်မလေးရယ်။
မင်းကို ငါ ဘာလို့ဒီလောက်ထိ ဂရုဏာသက်နေရတာလဲကွယ်။ သူမ လည်ပင်းက ဒဏ်ရာဟာ ဟိုတစ်နေ့ ညဖက်က ဒေါ်မိမိရဲ့ လက်ချက်ဆိုတာ ကျွန်တော်အတပ်သိနေရက်သားနဲ့ ဘာလို့မေးလိုက်မိတာပါလဲ။ လက်သည်းနဲ့ ကုတ်တာလား ကြိမ်လုံးနဲ့ ရိုက်မိတာလားတော့ မပြောတတ်။
“ဟယ် . . . ကောင်မ လုပ်ထားခဲ့ပြန်ပြီ။ အလုပ်လုပ်ရင် လက်စမသတ်ဘူး . . . ဝေေ၀ချို . . . လာစမ်း။ ဗြဲဒရမ်းထားခဲ့တာကြည့်စမ်း။ ပန်းကန်တွေဆေးပြီးရင် ပြန်သိမ်းရမယ်။ သုတ်ရမယ် . . . ဟဲ့ . . . ဘယ်မလဲ မလာ သေးဘူးလား . . . ”
ဒေါ်မိမိ ရောက်လာကာ ဗျစ်တောက်ဗျစ်တောက် ရေရွတ်နေ၏။ ဝေေ၀ချို အပြေးအလွှားရောက်ရှိလာသည်။
“ကောင်မ . . . နင်လုပ်တာ ကြည့်စမ်း . . . ”
စကားပြောလည်းပြော လက်ကလည်း သူမရဲ့ကျစ်ဆံမြီး တစ်ချောင်းကိုလှမ်းဆွဲလိုက်တော့ သူမ တန်းလန်းကြီးပါလာသည်။
“အား . . . အန်တီလေး . . . နာတယ်”
“ဟို . . . အန်တီ”
ကျွန်တော် အသံပေးလိုက်တော့ ဒေါ်မိမိ ကျွန်တော့်ကိုမြင်သွားကာ သူမရဲ့ကျစ်ဆံမြီးကို လွှတ်လိုက်သည်။
“ကျွန်တော် စလိုက်လို့ ရှက်ပြီးထွက်ပြေးသွားတာပါ”
ဒေါ်မိမိ ဘာမှမပြောတော့။
ထွက်သွားသည်။ ဒေါ်မိမိလည်းသွားရော ဝေေ၀ချိုသည် ကျွန်တော့်ရှေ့ ခေါင်းလေးငုံ့ကာ မူလနေမြဲအတိုင်း ပန်းပန်ထိုင်ဆေးနေ၏။ သူမရဲ့ ဖရိုဖရဲဖြစ်သွားသော ကျစ်ဆံမြီးလေးကို မသိမသာလေး ပြင်နေသည်။
“ဝေေ၀ချို”
ကျွန်တော် သူမဘေးမှာ ငုတ်တုတ်ထိုင်ချလိုက်သည်။ ကျွန်တော် သူမရဲ့ဘ၀လေးကို ဘယ်လိုကူညီဖြည့်ဆည်းပေးရမလဲ။
“ကျွန်တော် . . . ”
“ကျွန်မကို ဘာမှမပြောပါနဲ့ရှင်။ ထပ်ပြီးအရိုက်ခံရမှာစိုးလို့ပါ . . . ။ အန်တီလေးတို့ မကြိုက်တာ မလုပ်ပါရစေနဲ့ . . . အစ်ကိုသွားပါတော့နော် . . . ”
သူမရဲ့ တောင်းပန်စကားကို နားထောင်နေသော ကျွန်တော့်နားနှစ်ဖက်ဟာ စိတ်မကောင်းခြင်းကြီးစွာနဲ့ ရင်ထဲကို ဖောက်ထိုးကြားမြင်စေသည်။ ကျွန်တော့်ရင်ထဲ ဖော်ပြမတတ်အောင်ကို လေးလံသွား၏။
“ကျွန်တော် မသွားဘူး ဝေေ၀ချို။ ပြောချင်တာပြောပါရစေ . . . ကျွန်တော်လေ . . . ဝေေ၀ချိုဘ၀ကို ကိုယ်ချင်းစာတယ်။ ဂရုဏာဖြစ်မိတယ်။ ဒီလောက် ကိုယ့်အပေါ် နိုင်ထက်ကလူပြုနေတဲ့အိမ်မှာ ဘာလို့နေသေးတာ လဲ။ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘာလို့ ခေါင်းငုံ့ခံနေရတာလဲ။ ဒီအခြေအနေ ဒီဘ၀ကနေ ရုန်းမထွက်ချင်ဘူးလား ဝေေ၀ချို”
“ကျွန်မကို မရွဲ့ပါနဲ့ အစ်ကိုရယ်။ ဝေေ၀ချိုဟာ ဒီမိသားစုလောင်းရိပ်အောက်က ဘယ်တော့မှ မလွတ်ပါဘူး”
ကျွန်မတဲ့ …ရင့်ကျက်တဲ့သဘော။ တကယ်တော့ ဝေေ၀ချိုဟာ ကျွန်တော့်ထက်ငယ်မှာပါ။ ဆယ့်ခွန်လောက်ပဲ ရှိဦးမယ်။
“နေထူးရေ . . . တီချယ်လာပြီ”
အာကာလာခေါ်၍ ကျွန်တော်ပြောချင်သော စကားကို ပြောခွင့်မရတော့။
“ကျွန်တော့်နာမည် နေထူးလို့ခေါ်တယ် ဝေေ၀ချို။ အကူအညီတစ်ခုခုလိုချင်ရင် ကျွန်တော့်ကိုသာပြော . . . အတတ်နိုင်ဆုံး ကူညီပေးမယ်။ သွားမယ်နော်”
နှုတ်ဆက်ကာ စာသင်ခန်းထဲထွက်လာခဲ့သည်။ ဝေေ၀ချိုပြောတဲ့ စကားတွေထဲမှာ “ကျွန်မကို မရွဲ့ပါနဲ့” ဆိုသောစကားကို ကျွန်တော်နားမလည်ခဲ့ပါ။ အဲဒီနေ့ စာသင်ရတာ လုံးဝစိတ်မပါခဲ့။ စိတ်က ဝေေ၀ချိုဆီကိုပဲ ရောက်နေသည်။ အတန်းအပြီး ဝေေ၀ချိုပြောခဲ့သော စကားနဲ့ပတ်သက်၍ အာကာက . . .
“ဝေေ၀ချိုဟာ ဒဏ်မခံနိုင်လို့ ထွက်ပြေးတာ သုံးလေးခါရှိပြီကွ။ ဒါပေမဲ့ မရဘူး ပြန်ရောက်လာရတာပဲ။ ဒါကြောင့်မို့ လောင်းရိပ်အောက်က မလွတ်ဘူး။ မရွဲ့ပါနဲ့ပြောတာပေါ့ . . . နေပါဦး မင်းက ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ . . . မင်း ဝေေ၀ချိုကို . . . .”
ဟင့်အင်း။ ကျွန်တော် စိတ်ဝင်စားတာ အချစ်မဟုတ်ပါ။ လုံးဝမပတ်သက်ပါ။ ကျွန်တော့်အရွယ်မှာ အချစ်နဲ့ ပတ်သက်ပြီး ရူးသွပ်သည်ဆိုသော်လည်း ဝေေ၀ချိုကိုတော့ ကိုယ်ချင်းစာစိတ်၊ သနားစိတ်၊ စေတနာပို၍ အကြင်နာ ပေးမိခြင်းသက်သက်သာပါ။
…………………………………………………………………………………………………………………………………………
(၅)
          “ငထူးရေ . . . မင်းဝေေ၀ချို ကွိုင်အကြီးအကျယ်ပူနေပြီဟေ့”
ကျွန်တော့်ကို စိတ်ဝင်စားစေသောစကား။ အတန်းလစ်ကာ ကဲန်တင်းမှာ အပျင်းပြေထိုင်နေရာမှ ရုတ်တရက် ထလျှက်မိသားဖြစ်သွားသည်။
“ဘာဖြစ်လို့လဲ အာကာ . . . ဟင်”
“ဆောင်းနှင်းဝေတို့ တွတ်ထိုးနေတာ ကြားခဲ့တာ။ ဝေေ၀ချို ပိုက်ဆံခိုးပြီးထွက်ပြေးသွားလို့တဲ့ . . . တစ်ည ပျောက်ပြီး ပြန်တွေ့တယ်။ မိသားစုတစ်စုလုံး သမထည့်လိုက်တာ ကောင်မလေးခွေလဲသွားတယ်တဲ့။ အဲဒါနဲ့ ပတ်ဝန်း ကျင်က ဝေေ၀ချိုအတွက် မကျေမနပ်ဖြစ်ပြီး ရပ်ကွက်ရုံးမှာ တိုင်ထားတာ။ ဒီနေ့ညနေ ဆွေးနွေးကြမယ်တဲ့”
ကျွန်တော့်လက်ထဲ ဖောက်ရန်ကိုင်ထားသော ပိုက်ပျော့လေးလွတ်ကျသွားသည် အထိ။
“အဲလိုပဲဖြစ်သင့်တယ်။ ဝေေ၀ချိုခိုးတယ်ဆိုတဲ့ ပိုက်ဆံက ဘယ်လောက်တဲ့လဲ“
“လေးထောင့်ငါးရာ”
“Shit . . . . ဒီလောက်လေး ပိုက်ဆံကို သူကခိုးမတဲ့လား။ ဖြစ်နိုင်ခြေလုံးဝမရှိဘူးကွာ။ ငါမယုံးဘူး . . . မင်းရောယုံလား။ ဒါသက်သက်မတရားလုပ်တာ။ နိုင်တဲ့သူမို့လို့ ဖိနိုင်တာ . . . ”
ကျွန်တော် ဘာလုပ်ရင်ကောင်းမလဲ။ ဝေေ၀ချိုအတွက် တစ်ခုခုလုပ်ပေးချင်ပါသည်။ အခုဆို ဝေေ၀ချို တစ်ယောက် ဘာတွေဘယ်လိုဒုက္ခတွေ့နေမလဲ။
“ငါ လိုက်သွားမယ်ကွာ”
“ဟာ . . နေထူး . . .။ ငထူး . . . စိတ်မလောနဲ့ကွာ . . .။ မင်းနဲ့ သူနဲ့က ဘာမှဆိုင်တာလည်းမဟုတ်။ အခု . . . ရပ်ကွက်လူကြီးတွေ စီစဉ်ပေးမှာပေါ့။ တရားမျှတအောင်လုပ်ပေးမှာပါ။ ကိုယ်ကလူငယ်ကွ။ ဆရာကြီးလုပ် လို့မရဘူး”
“မတရားတာမြင်ရင် လက်ပိုက်ကြည့်မနေနိုင်ဘူးကွ”
“အေးပါ။ ဟုတ်ပါတယ် . . . ဒါပေမဲ့ အဖြစ်မှန်အကြောင်းစုံကို သေသေချာချာ သိပြီးမှ ကူညီသင့်တာ ကူညီရမှာပေါ့။ အခု . . . သူများပြောလို့ပဲ သိသေးတယ်။ သေချာအောင် သွားကြည့်ရဦးမှာ”
“အေး”
ကျောင်းကအပြန် ဆောင်းနှင်းဝေတို့ အိမ်ကိုပဲ ကျူရှင်သွားတက်ရမည်မို့ ခါတိုင်းလူစုပြီးသွားနေကျ။ ဒီနေ့တော့ ဖယ်ရီမစီးဖြစ်တော့ပဲ အတန်းတစ်ချိန်စောလစ်ကာ ဘတ်စကားနဲ့ ဆောင်းနှင်းဝေတို့အိမ်ကို လာခဲ့သည်။ ကျွန်တော်နဲ့ အတူ အာကာရယ်၊ ကျော်မိုးရယ် သူငယ်ချင်းနှစ်ယောက် ပါလာခဲ့သည်။ အိမ်ရောက်တော့ ဝေေ၀ချိုကို မတွေ့ရပါ။
“သားတို့ စောလှချည်လား”
ဒေါ်မိမိက အခြေအနေကို ရိပ်မိဟန်တူသည်။ ကျွန်တော်တို့ အစောကြီးရောက်တာကို မသင်္ကာမျက်လုံးနဲ့ ကြည့်သည်။ ဝေေ၀ချိုရဲ့ အရိပ်အယောင်ကို လုံးဝမတွေ့ရပါ။ ဘယ်များရောက်နေသလဲ။ ရပ်ကွက်ရုံးမှာများလား။
“သူ အခုဘယ်မှာရှိနိုင်မလဲ . . . အာကာ”
“ငါလည်းမပြောတတ်ဘူးကွာ။ လျှောက်ရှာကြည့်ရအောင်လည်း ဒီရပ်ကွက်က အကျွမ်းတ၀င်မှမရှိတာ . . . .”
“အဲဒီ . . . အန်တီကြီးကို ပေါ်တင်ပဲမေးလိုက်ကွာ”
“ကျော်မိုး . . . မင်းရူးနေလား။ ဘယ်လိုလုပ်ရမှာလဲ။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ ဘာလို့ဝင်ပါရတာလဲဆိုပြီး ကော လွှတ်နေမှ . . . ”
“မတွေ့တွေ့အောင်ရှာမယ်ကွာ . . . ကဲ”
ကိုယ်နဲ့ မပတ်သက်တဲ့ ပြဿနာတစ်ခုမှာ ကျွန်တော် ဘာလို့ပါဝင်ပတ်သက်ရတာလဲ ကိုယ်ကိုယ်တိုင်တောင် နားမလည်တော့ပါ။ ကျွန်တော်ဝေေ၀ချိုအပေါ်ထားသော ကိုယ်ချင်းစာစိတ်မျိုး ဒီမိသားစုမှာ ဘာလို့ရှိမနေရတာလဲ ဆိုတာ နားမလည်ပါ။
ကျွန်တော် . . . သူမကို တွေ့အောင်ရှာမည်ဟု ဆုံးဖြတ်ချက်ချကာ အိမ်ရှေ့ထွက်လာခဲ့သည်။
“ငထူး . . . နောက်ဖေးပေါက်ကထွက်ရအောင် ရှေ့ပေါက်ကထွက်ရင် ကားလမ်းပဲတွေ့မှာ။ နောက်ဖက်မှာ အိမ်တွေရှိတယ်။ လမ်းလူကြီးအိမ်ကို မေးစမ်းသွားရအောင်”
အာကာ့စကားကို ကျွန်တော် လက်ခံလိုက်ကာ နောက်ဖေးဘက်မှ ထွက်ရန် ဆုံးဖြတ်လိုက်သည်။
“ဟာ . . . ဟေ့ကောင် . . . ဟိုမှာ”
အာကာညွှန်ပြရာ ကျွန်တော်လှမ်းကြည့်လိုက်သည်။ ဒီအိမ်ရဲ့ခြံစောင့် မာလိန်နေဟန်တူသည့် တဲကလေးတစ် ဆောင်။ ထိုတဲကလေးရဲ့ ဘေးနားကွပ်ပျစ်ကလေးပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ကာ ငိုနေရှာသောဝေေ၀ချို။
“ဟာ”
ကျွန်တော် ၀မ်းသာသွားသည်။
ဝေေ၀ချိုဆီကိုလည်း အပြေးအလွှားသွားရောက်မိသည်။
“ဝေေ၀ချို”
သူမ အံ့သြသွားသလားတော့မသိ။ မျက်ရည်စိုရွှဲလျက် ကျွန်တော့်ကိုမော့ကြည့်သည်။ ပြီးတော့ ခေါင်းပြန်ငုံ့ကာ မျက်ရည်စတွေကို လက်ခုံဖြင့်သုတ်ပစ်နေ၏။
“အစ်ကို ယုံလားဟင်။ ကျွန်မ အဲဒီလိုလူစားမျိုးမဟုတ်ပါဘူး။ မရှိလို့ အိမ်ဖော်လာလုပ်နေတာပါရှင်။ ဂုဏ် သိက္ခာအပွန်းအပဲ့ မခံချင်ပါဘူး။ အစ်ကိုရော . . . ကျွန်မခိုးတယ်လို့ ထင်လား”
“ဟာ . . . မထင်ပါဘူး။ မထင်ပါဘူး ဝေေ၀ချိုရယ်”
သူမ အရမ်းဝမ်းနည်းနေတဲ့အချိန်။ ၀မ်းနည်းကြေကွဲနေတဲ့အချိန်ဟာ ရင်ထဲမှာရှိနေတဲ့ အစိုင်အခဲတွေကို ဖော်ထုတ်ပေါက်ကွဲနိုင်တဲ့အချိန်ပဲ။ သူမ ဘာတွေပြောမလဲ . . . ကျွန်တော် အာရုံစိုက်ပြီး နားထောင်မိသည်။
“ဒါပေမဲ့ . . . အဲဒီပိုက်ဆံကို ကျွန်မယူတယ်လို့ ပြောလိုက်မိတယ်”
“ဘာ . . . ဝေေ၀ချို မင်းရူးနေပြီ။ ဘာလို့ . . . ”
“မဖြေလို့မရဘူး ကလေးရဲ့။ မယူဘူးလို့ငြင်းနေရင် သေလောက်အောင် နှိပ်စက်ကြမှာ ဆံပင်ဆွဲ၊ ပါးရိုက်ရုံတင် မဟုတ်ဘူး။ ကျောကိုခြေထောက်နဲ့ ဆောင့်ကန်လို့ကန် ကြာလာရင် ဘယ်ခံနိုင်တော့မှာလဲ။ ဒေါ်ကြီးကလည်း ကိုယ့်ရှေ့မှာ ဒီလိုမြင်တော့ . . . ယူတယ်လို့ ပြောခိုင်းလိုက်ပြီး သူ့ကို အသာလေးခေါ်ထုတ်လာခဲ့တာ။ ဒါတောင် ရဲစခန်းတိုင်မယ် ဘာညာလုပ်နေကြသေးတယ်”
အဒေါ်ကြီးတစ်ယောက် ထွက်လာပြီး ကျွန်တော့်ကို သူမ ကိုယ်စားပြောသည်။
“ဒေါ်ကြီးက . . . ”
“အိမ်နီးနားချင်းပါကွယ်”
“ဝေေ၀ချိုမှ တကယ်မယူတာ . . . ”
ကျွန်တော် အတပ်ပြောနိုင်ပါသည်။ သူမ ရဲ့ ရိုးသားတဲ့ မျက်လုံးတွေနဲ့ ကျွန်တော်စတင် ရင်းနှီးကျွမ်းဝင်လာခဲ့ တာပဲလေ။ ကျွန်တော် လူကဲခတ်ညံ့မယ်လို့တော့ မထင်။ ပြီးတော့ ဝေေ၀ချိုဟာ လည်လည်ဝယ်ဝယ်မရှိသော မိန်းကလေး။ ရိုးအီသော မိန်းကလေး။
………………………………………………………………………………………………………………………………………………
(၆)
“ဒီကလေးကို ဒီလိုပဲ ရှေ့ဆက်ပြုမူဆက်ဆံသွားမယ်ဆိုရင် ကျွန်တော်တို့ရပ်ကွက်ကလည်း ဒီအတိုင်းကြည့် မနေနိုင်ဘူး။ ကိုသိန်းအောင်၊ ကလေးအတွက် လူသားချင်းစာနာစိတ်နဲ့ လုပ်ပေးသင့်တာလုပ်ပေးရမယ်”
“လူကြီးမင်းတို့ ဘယ်လိုစီစဉ်ထားလဲ ပြောပါ”
“ဒါက . . . ခင်ဗျားဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ ခင်ဗျားဆုံးဖြတ်ပြီးမှ ကျွန်တော်တို့က စီစဉ်ရမှာ”
ရပ်ကွက်ဥက္ကဋ္ဌ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး အစရှိသူတို့ စုစုပေါင်းခြောက်ယောက်။ ဦးသိန်းအောင်၊ ဒေါ်မိမိ၊ ဆောင်းနှင်းဝေ၊ ဝေေ၀ချို ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်၊ ရပ်ကွက်သူ ရပ်ကွက်သားများ၊ လူထု မနည်းလှပါ။ အားလုံးက ဦးသိန်းအောင်ရဲ့ စကားကို စိတ်ဝင်စားနေသည်။
“အဲဒါဆို . . . လူကြီးမင်းတို့ ဘာမှစီစဉ်မနေပါနဲ့တော့။ ကျွန်တော်တို့ မိသားစုမှာ ခိုင်းစရာလိုလို့ တောက တောင် ခေါ်လာခဲ့တာပဲဗျာ။ အိမ်မှာပဲပြန်ခေါ်ထားဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်”
“ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး နှိပ်စက်ညှင်းပန်းပြီး ကောင်မလေးတစ်ခုခု မဖြစ်ဖို့ ခင်ဗျားတို့ မိသားစု တာဝန်ယူမလား။ ကောင်မလေးကို . . . နောက်တစ်ခါ ကျူးကျူးမလုပ်မိဖို့ အာမခံနိုင်ပါ့မလား”
ကျွန်တော်ကျေနပ်မိသည်။
ဟုတ်တယ်။ အဲဒီလိုဖြစ်နေရမှာ။ ကျွန်တော့်အထင်တော့ လုံးဝအာမခံနိုင်မည်မထင်ပါ။
ဝေေ၀ချို မျက်နှာလေး ညှိုးနွမ်ေးနသည်ကို ကျွန်တော်မြင်ရသည်။ နှုတ်ခမ်းလေးမသိမသာ ကွဲအက်နေသည် ကို ကျွန်တော်တွေ့မြင်ရသည်အထိ ဂရုတစိုက်ကြည့်မိသည်။ ပြီးတော့ သူမထမင်းရောစားပြီးပြီလားလို့ ကျွန်တော် တွေးမိသည်။
စိတ်မကောင်းမှု၊ ကြေကွဲမှုမျှတွေများစွာနဲ့ အစာစားမယ်ဆိုတာကိုရော သတိရသေးလား ကောင်မလေးရယ်။
“အို . . . ဒါကတော့ အာမမခံနိုင်ပါဘူးရှင်။ ကျွန်မတို့က ရှေ့မှာမဟုတ်တာလုပ်ရင် လက်ပိုက်ကြည့်မနေချင်ပါ ဘူး။ ဆုံးမသင့်တာ ဆုံးမပါတယ်။ တစ်ခါတစ်လေဆို မှတ်လောက်သားလောက်အောင် ဆုံးမမှ သူ့ခေါင်းထဲရောက်မှာ လေ”
ဒေါ်မိမိ လေသံကိုလုံးဝမလျှော့ပါ။
“ကဲ . . . အဲဒါဆို ကလေးမလေးကို ပြန်ပို့လိုက်ပါ။ ခင်ဗျားတို့နောက်တစ်ယောက်ထပ်ရှာကြပေါ့။ သူ့ကိုဆက် ထားဦးမယ်ဆိုရင် ခင်ဗျားတို့လည်း စိတ်ညစ်ရမယ်”
လူကြီးတွေ အချိန်အတော်ကြာ ဆွေးနွေးကြသေးသည်။ ဒါပမေဲ့ ဝေေ၀ချိုကို ပြန်ပို့ဖို့အဖြေက အသင့်လျော်ဆုံး မို့လို့ ဆုံးဖြတ်ထားတာကိုတော့ မပြင်ကြပါ။ ပိုက်ဆံလေးထောင့်ငါးရာဆိုတာ ဒေါ်မိမိတမင်လုပ်ဇာတ်ဖန်တာလားတော့ မသိပါ။ အခုထိရှာမတွေ့သေး။
“ကျွန်မတို့ သူ့ကိုပြန်ပို့ဖို့ လောလောဆယ်အချိန်မပေးနိုင် . . . ”
“အန်တီ”
အာကာမတ်တပ်ရပ်ကာ စကားပြောခွင့်တောင်းသည့် ဟန် လက်ညှိုးတစ်ချောင်းထောင်ပြလိုက်သည်။
“ကျွန်တော်တို့ သူငယ်ချင်းတစ်စု လိုက်ပို့ပေးဖို့ တာဝန်ယူပါရစေ။ သူ့အတွက် မိန်းမဖော်တစ်ယောက်ကိုတော့ ရပ်ကွက်ထဲက လိုက်နိုင်တဲ့သူ လိုက်ခဲ့ပါ။ ဝေေ၀ချိုကို မှဲ့တစ်ပေါက်မစွန်းဘဲ အိမ်ပြန်ရောက်အောင် ကျွန်တော်အာမခံ ပါတယ်”
ကျွန်တော့်ရဲ့ သူငယ်ချင်းကို . . . ဒီတစ်ကြိမ်မှာတော့ . . . အရမ်းချီးကျူးသွားမိသည်။ ကျွန်တော်ဖြစ်ချင်သော ဆန္ဒကို အာကာက အကောင်အထည်ဖော်လိုက်ခြင်းပါ။ ကျွန်တော် ဝေေ၀ချိုကို တစ်ခုခုလုပ်ပေးချင်ခဲ့သည်လေ။
…………………………………………………………………………………………………………………………………………..
(၇)
ကျွန်တော့်ရင်ထဲမှာ ပြင်းပြနေသော ပေးဆပ်ချင်မှု တစ်စုံတစ်ရာကိုပေးလိုက်ရမည့်အတွက် ကျွန်တော်ကျေ နပ်ပါသည်။ ကျွန်တော့်ဘ၀တွင် အကြီးမားဆုံးဖြစ်ရသည့် သနားဂရုဏာဖြစ်ခြင်းမှာ ဝေေ၀ချိုဆိုသော ပန်းကလေး တစ်ပွင့်ရဲ့ သမိုင်းစာမျက်နှာ တစ်ခန်းတကဏ္ဍမှာ ပါဝင်ပေလိမ့်မည်။
ကျွန်တော်တို့ (ကျွန်တော်၊ အာကာ၊ ဝေေ၀ချို၊ မိန်းမဖော်တစ်ယောက် )အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကို ရောက်နေသည်။ ဂရုဏာဆိုသော အရာသည် လက်နဲ့ကိုင်တွယ်ချိန်ဆ၍ မရသော်လည်း ရင်ထဲကဖြစ်ပေါ်လာသော ဆန္ဒဖြစ်သောကြောင့် အပြုအမူဖြင့်ပြသ၍ရသည်။ ကျွန်တော် ဝေေ၀ချိုအပေါ်ထားရှိသော စေတနာ၊ ဂရုဏာ၊ အကြင် နာတွေကို အမူအရာဖြင့် ပြပြီးပြီ။ ဝေေ၀ချိုရင်ထဲမှာ ကျွန်တော်နဲ့ပတ်သက်၍ တစ်စုံတစ်ရာ အမှတ်တရအနေနဲ့ ရှိမည်ဆိုတာကို ကျွန်တော်ယုံပါသည်။
“ဝေေ၀ချို ဘာစားပြီးပြီလဲဟင်။ တစ်ခုခုစားမလား”
ကျွန်တော်က သူမ ငြင်းမည်ဟုထင်ထားသော်လည်း သူမ မငြင်းပါ။ ခေါင်းညိတ်ပြသည်။ ကျွန်တော် သူမကို ဆိုင်တစ်ဆိုင်ကိုခေါ်သွားသည်။ သူငယ်ချင်း အာကာနဲ့ မိန်းမဖော်တို့ ဂိတ်မှာကျန်ခဲ့၏။
“မနေ့ကတည်းက ဘာမှမစားဘူးမှလား”
“ရှင် . . . အစ်ကို ဘယ်လိုလုပ်သိလဲ”
ကျွန်တော်ထင်တာ မလွဲပါ။
အခုအချိန် သူမ တော်တော်ဆာနေလောက်ပြီပေါ့။ “ကျွန်တော့်စိတ်နဲ့ ဝေေ၀ချိုကို ကိုယ်ချင်းစာကြည့်တာ။ ကျွန်တော်လည်း ၀မ်းနည်းကြေကွဲနေတဲ့ အချိန်ဆို ဘာမှမစားတတ်ဘူး”
ကျွန်တော်သည် သူ့အတွက်ဆိုပြီး ပေါင်မုန့်ယိုသုတ်တွေ၊ ကိတ်မုန့်တွေ၊ နို့ဝေဖာတွေရော ပြီးတော့ မုန့်ပျ သလစ်တွေရော၊ ငှက်ပျောသီး၊ စပျစ်သီး တွေရော ကားပေါ်မှာစားဖို့ ဇီးထုတ်တွေ၊ နေကြာစေ့တွေကို ခြင်းထဲပြည့်နေ အောင် ထည့်လာခဲ့သည်။ ပြီးတော့ . . . အဝေးပြေးဂိတ်ဝင်းထဲက အဲဒီထမင်းဆိုင်မှာရှိတဲ့ ဟင်းတွေအစုံနဲ့ ထမင်း ကျွေးသည်။ ဘယ်လောက်တောင် ဆာနေသလဲတော့မသိ။ အားရပါးရမြိန်ယှက်စွာစားနေသည်က ကျေနပ်စရာပင်။
“၀အောင်စားနော် ဝေေ၀ချို။ ကားက ညရှစ်နာရီမှာထွက်မှာ။ အေးဆေးပေါ့”
ညရှစ်နာရီဆယ့်ငါးမိနစ်မှာ ကားစထွက်သည်။ မိုးချုပ်ပေမယ့်လည်း မီးအလင်းရောင်များကြောင့် မှောင်မိုက်မ နေပါ။ ကျွန်တော်တို့မှာ လူအုပ်စုကလည်း တောင့်တာကြောင့် ပျင်းရိမနေ။ ရယ်စရာတွေနဲ့ ပျော်စရာကောင်းခဲ့သည်။
ဒါပေမဲ့ . . .
ညနက်လာလေလေ ကျွန်တော့်ရင်ထဲ မပျော်နိုင်လေလေပါ။ ဝေေ၀ချိုနဲ့ ပတ်သက်၍ အမည်မဖော်ပြတတ သော သံယောဇဉ်ကြိုးလေးတစ်စ ကျွန်တော့်ကို ရစ်ပတ်နေပြီ။
သူမ မပျင်းရအောင် တစ်ညလုံးစကားပြောပေးသလို သူမရဲ့ခံစားချက်တွေ ဖွင့်ဟတာကိုလည်း ကျွန်တော် ကြားခဲ့ရသည်။
“တကယ်တော့ ကျွန်မဘ၀ဟာ ဘယ်မှာနေနေ ထူးမခြားနားပါပဲ အစ်ကိုရယ်။ ရန်ကုန်မှာနေရင် အရိုက်ခံရ တယ်။ အဆူခံရတယ်။ ရွာမှာနေရင်တော့ အမေ့ယောက်ျားတွေကြောင့်၊ အမေ့ကြောင့် စိတ်ညစ်ရတယ်။ သူများ တံတွေးခွက်မှာ ပက်လက်မျောရတယ်။ လူဆိုတာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလာကြတာပဲလေ။ ကျွန်မတော့ ဘယ်ဘ၀ရောက်ရောက် လောကကြီးကို လုံးဝအရှုံးမပေးချင်ဘူး အစ်ကို . . .”
ဒါပေမဲ့ . . . ကံကြမ္မာက မင်းအပေါ်မျက်နှာသာပေးခဲ့လို့လား ကောင်မလေးရယ်။ မင်းကို ရှုံးနိမ့်စေခဲ့တာ ပဲလေ။ ဖြစ်လာတဲ့ဘ၀ကို သတ္တိရှိရှိရင်ဆိုင်မယ့် မင်းရဲ့ဘ၀ကို ချီးကျူးပါတယ်။
မနက်နှစ်နာရီခွဲကျော်ကျော်မှာ တောင်ငူကိုရောက်သည်။ တောင်ငူမှတစ်ဆင့် ဝေေ၀ချိုတို့ရွာရှိရာကို ကားနဲ့ သွားရမှာဖြစ်သည်။ သို့သော်လည်း ကျွန်တော်တို့ ဝေေ၀ချိုကို လိုက်ပို့ရမည့် ခရီးစဉ်က ဒီမှာဆုံးပြီ။ သူမတို့ရွာကို သွားတဲ့ကားနဲ့ သူမကိုတင်ပေးလိုက်ရုံသာ။
(၂း၄၅) မှ မိုးလင်းသည်အထိ လက်ဖက်ရည်ဆိုင်မှာထိုင်ကာ အသီးသီးစကားပြောနေကြရသည်။
“အစ်ကိုတို့ရွာကိုလိုက်လည်ပါလား။ ဒညင်းသီးထည့်ပေးလိုက်မယ်လေ”
“ရတယ် ဝေေ၀ချို။ မလိုက်တော့ဘူး . . . နောက်မှ လာလည်တော့မယ်”
အဲဒီနောက်မှဆိုသော စကားက သူမရော ကျွန်တော်တို့ရော အတိအကျမသိပါ။ ကံမကုန်ရင် ပြန်ဆုံမှာပါဆိုတာက တောင်ပိုသေချာဦးမည်။
ကျွန်တော် သူမတို့ရွာကို လိုက်မလည်ချင်သည်မှာ သူမကို အားနာတာကတစ်ကြောင်း၊ ကျွန်တော်ရဲ့ အလွမ်းဝေဒနာ ပိုမိုကြီးထွားလာနိုင်တာကတစ်ကြောင်းမို့လို့ပင်။
မိုးလင်းပြီ။
ကျွန်တော် မရောက်ချင်သည့်နေ့ ရောက်ခဲ့ပြီ။ ကျွန်တော့်စိတ်က မရောက်ပါစေနှင့်ဟု ကျိတ်၍ ဆုတောင်းခဲ့ သော်လည်း အချည်းနှီးသာ။
ကျွန်တော်တစ်ယောက်တည်း စိတ်မကောင်းဖြစ်တာ မဟုတ်ပါ။ အာကာရော ဝေေ၀ချိုနဲ့ အဖော်လိုက်ပေးသော အမေကြီးရော ခွဲရမှာကိုမလိုလားကြပါ။ တွေ့ဆုံကြုံကွဲ သင်္ခါရကြီးကို စိတ်ထဲကသိပေမယ့် နားမလည်ချင်ကြ တာ ကျွန်တော်တို့ရဲ့ မိုက်မဲမှုမဟုတ်ဘူးဆိုရင်တော့ မလွန်ပါ။
“ကျွန်မရဲ့ဘ၀၊ ဒီအသက်အရွယ်အထိ ကျွန်မအပေါ်ကောင်းလွန်းတဲ့ လူတွေရှိခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ အစ်ကိုနေထူးနဲ့ အစ်ကိုအာကာတို့က ထိပ်ဆုံးမှာဆိုတာ ယုံပေးပါနော်။ ခွဲရမယ်ဆိုတာကို ကြိုသိရက်နဲ့ ဘာလို့ဝမ်း နည်းနေမိသလဲ . . . ကျွန်မကိုယ်ကျွန်မ မသိတော့ဘူး””
သူမက ရွာပြန်ရန် ကားပေါ်မှာရောက်နေချိန် ကျွန်တော်တို့က ကားဘေးမှာမတ်တပ်ရပ်လျက် သူမနဲ့နှုတ်ဆက် စကားတွေပြောနေမိသည်။
“တကယ်တော့ . . . အစ်ကိုတို့နဲ့ ကျွန်မ သိကျွမ်းတာမကြာသေးပါဘူး။ ဒါပေမဲ့ သံယောဇဉ်ကြိုး က မတရား ကြီး ခိုင်မြဲနေတာ ဆန်းကြယ်လိုက်တာနော်”
“သံယောဇဉ်ဟာ အချိန်ကြာတာ မြန်တာနဲ့မဆိုင်ပါဘူး ဝေေ၀ချိုရယ်။ စိတ်ထဲက ရင်းနှီးမှုသာ အခရာပါ။ ကဲ . . . ကားလည်းထွက်တော့မယ်။ ဝေေ၀ချိုအတွက် ကျွန်တော်တို့နှစ်ယောက်ရဲ့ အမှတ်တရလက်ဆောင်လေး . . . ရော့ . . . ဒီမှာ။ ယူနော် . . . မငြင်းပါနဲ့။ ဒါ . . . နောက်ဆုံးအမှတ်တရလေ . . . ”
ငြင်းဆန်ရင် ကျွန်တော်တို့ စိတ်မကောင်းဖြစ်မည်မှန်းသိ၍ သူမလှမ်းယူသည်။ မကြာပါ။ ကားထွက်သွားသည်။ သူမနဲ့ ကျွန်တော်ဝေးသထက်ဝေးသွားသည်။ မြင်ကွင်းမှ ပျောက်ကွယ်သည်အထိ တာ့တာပြလို့ မ၀နိုင်။
“ရှေ့ဆက်ရမယ့်လမ်းတွေမှာ အခုလိုမျိုးကြမ္မာဆိုးနဲ့ ကင်းဝေးပါစေ ဝေေ၀ချို”
ကျွန်တော်ပေးသည့် လက်ဆောင်ထုတ်ကို ငြင်းဆန်ချင်သော မျက်နှာလေး ကျွန်တော်မြင်ယောင်မိသည်။ အဲဒီထဲမှာ ကျွန်တော်အရမ်းတန်ဖိုးထားပြီး မိဘများပေးထားသည့် ဆွဲကြိုးကို ဘယ်သူမှမသိအောင် ရောင်းကာ စတေးထားသည့် ငွေနှစ်သိန်းနဲ့ အာကာရဲ့လက်ဆောင်ထည့်ထားသည်။ ဒါကို ဝေေ၀ချို သိခဲ့မည်ဆိုလျှင် ငြင်းမှာ သေချာပါသည်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရင်ထဲက မေတ္တာ၊ အကြင်နာ၊ ဂရုဏာ စိတ္တဇနာမ်တွေကို ထပ်ပေးချင်ခဲ့သည်ဟု ဆိုပါလျှင် . . . . ။
………………………………………………………………………………………………………………………………………………..http://taintiketun.com/2012/10/%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%82%8F%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%90%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%84%E1%80%B9%E1%80%B7-%E1%80%95%E1%80%B6%E1%80%AF%E1%80%BB%E1%80%95/
မေတ္တာရိပ်မှာအေးချမ်းပါစေ။
တိမ်တိုက်ထွန်း(ကစ္ဆပနဒီ).

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မိမိလိုချင်တဲ့ဘာသာစကားရှာဖွေရန်