ပျူရာဇ၀င် ဆိုရိုးစကားများ
....................................
(ပျူစစ်လျှင် မြန်မာ)
--------------------
ပျူစစ်လျှင် မြန်မာ ဟူသော ဆိုရိုးစကား ရှိနေကြောင်းကို ဆရာကြီး ဦးအောင်သော်၊
ဦးစိန်မောင်ဦး တို့မှ ဖော်ထုတ်ပြပြီးဖြစ်ပါသည်။ မြန်မာသည် ဗမာဖြစ်၍ ပျုစစ်လျှင်
မြန်မာ ဟူသည်မှာ ပျူစစ်လျှင် ဗမာ ဟူသော အဓိပ္ပာယ်နှင့် အတူတူပင်ဖြစ်ပါသည်။
တစ်ဖန် ပျူဟူသည်မှာ ဗမာ-ဗြဟ္မာ-ပြုမ်မာ-ပြုမာ လူမျိုး၏ အတိုကောက် အခေါ်
ဖြစ်ပြီး ဗမာလူမျိုးကိုပင် ခေါ်ဝေါ်သောဝေါဟာရဖြစ်၍ “ပျူစစ်လျှင် မြန်မာ” ဟူသော
ဆိုရိုးစကားသည် ပျူစစ်လျှင် ဗမာ၊ ဗမာစစ်လျှင် မြန်မာ ဟူသော အဓိပ္ပာယ်ကိုလည်း
ဖော်ဆောင်လျှက်ရှိပါသည်။
ဗြဟ္မာ-ဗြုမ်မာ၊ ပြုမ်မာ-ပြုမာ၏ အတိုကောက် အမည် ပြု (၀ါ) ပြူ နှင့် ဗြဟ္မာ-မြဟ္မာ-
မြမ္မာ၏ ဆင့်ပွားအမည် မြန်မာ နှစ်ခုလုံးသည် ဗမာလူမျိုး တစ်မျိုးတည်းကို ခေါ်ဝေါ်
သော အမည်များမှန်း တရုတ်တို့ကောင်းစွာ သိခဲ့ကြ၍ ဗမာနိုင်ငံကို “ဖန်ယွယ့် (ဗြဟ္မာ
နိုင်ငံ)၊ ပျူနိုင်ငံ၊ မြန်မာနိုင်ငံ ဟု အမည်သုံးမျိုးလုံးဖြင့် ဖော်ပြမှတ်တမ်းပြုခဲ့ကြခြင်း
ဖြစ်ပါသည်။
(မြန်မာဟူသည် ပျူ့သား ပျူ့မြေး)
------------------------------------
ပျူမြန်မာနှင့် ပက်သက်၍ မြန်မာတို့၌ ထင်ရှားသော ရာဇ၀င်စကားတစ်ချို့ ရှိပါသည်။
မြန်မာဟူသည်ကား ပျူ့သား ပျူ့မြေး ဟု ပုဂံရာဇ၀င်၌ ဖော်ပြပါရှိသည်။ မြန်မာမင်း
အုပ်ချုပ်ပုံစာတမ်း (ဒုတိယတွဲ၊ နှာ-၂၉)တွင် ပုဂံဝန်ထောက်မင်း ဦးတင်သည် ယင်းရာ
ဇ၀င်ဆိုရိုးစကားကို ပြန်ဖော်ထုတ်ပြဖူးပါသည်။
အဆိုပါရာဇ၀င်ဆိုရိုးစကားသည် ရှင်းလှ၏။ မြန်မာ (၀ါ) ဗမာသည် ပျူကို အဖေခေါ်ခြင်း
ဖြစ်သည်။ အကယ်၍ မြန်မာနှင့် ပျူ လူမျိုးမတူဆိုပါက မြန်မာသည် အုပ်ချုပ်သူ စစ်နိုင်
မျိုး၊ ပျူသည် လက်အောက်ခံ စစ်ရှုံးမျိုး လူမျိုးကွဲဆိုပါက စစ်နိုင်မျိုး မြန်မာသည် လက်
အောက်ခံ စစ်ရှုံးမျိုး ပျူကို အောက်ကျခံ၍ အဖေ အဘိုး ခေါ်လိမ့်မည်မဟုတ်သည်မှာ
သေချာလှပါသည်။ အနိုင် အရှုံး မရှိသည့် အခြေအနေမျိုး၌ပင် မြန်မာတို့၏ ဇာတိမာန်
အရ လူမျိုးမတူသူကို အဖေ ခေါ်လိမ့်မည်မဟုတ်ကြောင်း ထင်ရှားလှပါသည်။
ပုဂံရာဇ၀င်တွင် ပုဂံခေတ် ဗမာ (၀ါ) မြန်မာတို့သည် သရေခေတ္တရာခေတ် ဗမာ (၀ါ) ပျူ
ကို လူမျိုးတူလည်း ဖြစ်ရုံမက မိမိတို့၏ ဘိုးဘေးဘီဘင်လည်းဖြစ်၍ အဖေ အဘိုး ခေါ်
ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။
ပုဂံ ဗမာတို့သည် သရေခေတ္တရာ ဗမာတို့၏ သား၊ မြေးဖြစ်ကြောင်း ကောင်းစွာထင်ရှား
ပြီးဖြစ်ပါသည်။ တစ်နည်းဆိုသော် ဗြဟ္မာ၊ ပြုမ်မာ၊ ပြုမာ၊ ပြူ တို့သည် တရုတ်နှင့် အိန္ဒိယ
တို့သိသော ဘီစီခေတ် ဗမာပျူ၊ အေဒီ ၃ ရာစု ဗမာပျူ၊ အေဒီ ၆ ရာစု ဗမာပျူ တို့၏ အ
နွယ်အဆက် သား မြေး များဖြစ်ကြပါသည်။
(မြန်မာသောပျူ ၊ မြန်မာဟူသော ပျူ)
-------------------------------------
“သရေခေတ္တရာ ပျက်ဆဲအခါ လျင်မြန်သန်မာသူကို ပျူအချင်းချင်း မြန်မာသောပျူ ဟု
ခေါ်ကြသည်။” ဟူသော ရာဇ၀င်စကား၏ အဓိပ္ပာယ်သည် မည်သို့နည်း။
တိုင်းနိုင်ငံပျက်ဆဲ၊ လူမျိုးခြား ရန်တို့နှင့် ကြုံဆုံ ရင်ဆိုင်ရဆဲအခါတွင် စစ်ရေးစစ်ရာ၌
ရဲရင့်ထက်မြတ်သမျှ လှုပ်ရှားစစ်ဆင်ရာ၌ သန်စွမ်းလျင်မြန်သော ပျူဗမာတို့ကို ဆိုလို
ကြောင်း၊ ပျူအချင်းချင်း အားကိုးအားထားပြုရသော သူတို့ကို ရည်ညွှန်းကြောင်း နား
လည်နိုင်ပါသည်။
ထို့အပြင် *ပုဂံရာဇ၀င်ကြီးပေမူ* ၌ “သရေခေတ္တရာ ပြည်အရပ်၌ ကြွင်းသော မြန်မာ
ဟူသော ပျူတို့” ဟူ၍ မှတ်တမ်း ရှိပေသည်။
ဗြဟ္မာ-မြဟ္မာ-မြမ္မာ-မြန်မာ တို့သည် ဗြုဟ္မာ၊ ပြုမ်မာ၊ ပြုမာ၊ ပြု များဖြစ်ကြပြီး နိုင်ငံပျက်
ဆဲအခါ၌ ဗမာပျူအချင်းချင်း အားကိုးအားထားရသော ရဲရင့် မြန်မာသော ပျူတို့ကို
မြန်မာသော ပျူများ၊ မြန်မာသူများ၊ မြန်မာများ ဟူ၍ အားထားဂုဏ်ယူ ရည်ညွှန်းကြ၍
မြန်မာဟူသော အမည်သည် ဗမာပျူလူမျိုးတို့ အလည်တွင် အားမာန်ဖြစ်စေသော
ဂုဏ်ထူးဝိသေသ အမည်အဖြစ် အခေါ်အဝေါ်များပြီး တွင်ကျယ်ခဲ့ကြောင်း သိသာထင်
ရှားနေပါသည်။
ရှေးဗမာကျောက်စာတို့တွင် ဗမာ ဟုလည်းကောင်း၊ မြန်မာ ဟုလည်းကောင်း၊ ပြူ ဟု
လည်းကောင်း အပြိုင်ရေးထိုးချက်တို့အရ ဗမာ့ ပျူလူမျိုးတို့သည် ဗြဟ္မာ-မြဟ္မာ-မြမ္မာ-
မြန်မာ ဟူသော ဆင့်ပွားအမည်နှင့်လည်း ကိုက်ညီပြီး ဗမာ့ဦးစွန်းကို ပြန်လည်ထူထောင်
ရာ၌ အားမာန်နှင့် ရဲရင့်မှု၊ စည်းလုံးမှုတို့ကို ဖြစ်စေသော အမည်အဖြစ် “မြန်မာ” ဟူသော
အမည်ကို နှစ်နှစ်ခြိုက်ခြိုက် ခေါ်ဝေါ်သုံးစွဲခဲ့ကြကြောင်း ထင်ရှားလျှက်ရှိပါသည်။
သရေခေတ္တရာ ပျက်ပြီး ဗမာနိုင်ငံကို ပြန်လည်ထူထောင် တည်ဆောက်နိုင်သည့် ပုဂံ
ခေတ်တွင် “မြန်မာပြည်” ဟု ရေးထိုးသုံးနှုန်းပုံအရ ဗမာပျူတို့သည် မြန်မာဟူသော
အမည်သစ်ကို နှစ်နှစ်ခြိုက်ခြိုက် ရှိလှကြောင်း ကောင်းစွာထင်ရှားနေပါသည်။
-------------------------------------------------------------------------------
ကျမ်းကိုးစာရင်းများ-
၁။ ပျူစစ်လျှင်မြန်မာ။ ဦးစိန်မောင်ဦး၊ သရေခေတ္တရာမြို့ဟောင်း။ ရှေးဟောင်းမြန်မာ
မြို့တော်များ။ နှ-၁၆၇။
၂။ မြန်မာဟူသည်ကား ပျူ့သားပျူ့မြေး။
(၁) ပုဂံဝန်ထောက်မင်း ဦးတင်။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း။ ဒုတိယပိုင်း။ နှ-၂၉။
(၂) အခြေပြမြန်မာနိုင်ငံရေးသမိုင်း၊ ပထမတွဲ။ နှ-၁၈၅။ မှတ်စု (၂)။
၃။ မြန်မာဟူသော ပျူ။
(၁) ဦးတင်။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း။ ဒုတိယပိုင်း။ နှ-၂၉။
(၂) အခြေပြမြန်မာနိုင်ငံရေးသမိုင်း၊ ပထမတွဲ။ နှ-၁၈၅။ မှတ်စု (၂) (၃)။
၎။ မြန်မာပြည်။ ရမက၊ ပ၊ ဦးရေ-၁၅၆။ အနောက်မျက်နှာ။ က-၁။ (နှ-၂၆၂)။ ၅၉၇။
တိုင်းရင်း-ပ-၈၇။
၅။ မြံမာပြည်။ ရမက၊ စ၊ ဦးရေ-၂၉။ က-၂။ (နှ-၄၄)။ ၇၀၄။ တိုင်းရင်း-မ-၄၆၉/က။
၆။ မြဟ္မာပြည်။ ရမက၊ စ၊ ဦးရေ-၁၃၄။ က-၇။ (နှ-၂၂၀)။ ၇၆၂။ တိုင်းရင်းမရှိ။
(ဘုန်းတင့်ကျော် (နှစ်ပေါင်း နှစ်ထောင့်နှစ်ရာ ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်းမှန် မှ



No comments:
Post a Comment