>> အငန်ဓာတ်ပါဝင်သောအရာများက အများကြီးပါဝင်သည့် ဟင်းခါးရည်လို အရည်များကို အ၀သောက်ခြင်းသည် အလွန်အန္တရာယ်များကြောင်း <<
အစဉ်အဆက် မြန်မာ့ရိုးရာ ယုံကြည်မှုအရ မွေးပြီးစ မိခင်တွေ နို့မထွက်ရင် ဟင်းခါးရည်တိုက်တာ ၊ နွားမြီးကို စွတ်ပြုတ်လုပ်သောက်ခိုင်းတာ ၊ ဒန့်သလွန်ရွက် ဟင်းရည်ချက်ပြီး သောက်ခိုင်းတာ စသည်ဖြင့် လက်ခံယုံကြည်ခဲ့ကြတဲ့ အလေ့အထတွေကတော့ အများကြီးပါပဲ ။ ရှေးမြန်မာ စာဆို စလေဆရာကြီး ဦးပုည ရေးသားခဲ့ဖူးသော “ နွားတစ်ကောင်လုံး အသုံးချနည်း ကဗျာ “ ထဲမှာ နွားအမြီးကို စွပ်ပြုတ်လုပ်သောက်လိုက်ရင် ကလေးမိခင်မှာ နို့ထွက်တွေသန်လွန်းလို့ အဆုံးသတ်မှာ ဟာသသဘောမျိုးနဲ့ “… သည် နွားမြီးကို မီးဖုတ်ချက်ချင်း တောက်တောက်စဉ်း၍ ဟင်းငါးလည်းချက် ကြောင်ပန်းရွက်နှင့် နို့ပျက်မိန်းမ သောက်လိုက်ရလျှင် နို့လုံးရွှင်သည် သူ့လင်စို့တောင် မကုန်တည်း “ ဆိုပြီး ရေးသားခဲ့တဲ့အတွက် မြန်မာ အဘွားတွေ ၊ အမေတွေ ၊ မိခင်တွေ အာဟာရမျှတ၍ ကျန်းမာစေရန် စားသောက်နည်းလမ်းညွှန်စာအုပ်တွင်လည်း စာမျက်နှာ ၄၄ ၌ “ နို့တိုက် မိခင်များ ငါးနှင့် အရွက်မျိုးစုံ ပါသော ဟင်းခါးရည်ကို အ၀သောက်ခြင်းသည် အာဟာရဖြစ်စေသည် “ ဟူ၍ ဖော်ပြထားခြင်းသည် မှားယွင်းကြောင်း သားဖွားနှင့် မီးယပ်အထူးကု ပါမောက္ခတစ်ဦးက ကန့်ကွက် ဆွေးနွေးခဲ့ပါသည် ။
ငါးနှင့် အရွက်မျိုးစုံ ပါဝင်သော ဟင်းခါးရည်ဆိုတဲ့ အထဲမှာ ငါးပိ ၊ အချိုမှုန့် ၊ ဟင်းခတ်မှုန့် ၊ ဆား စသည်တို့ကို စုံနေအောင် ခတ်ကြကြောင်း၊ ထို့ကြောင့် အငန်ဓာတ်တွေ အများကြီးပါဝင်သော အရည်တွေဖြစ်သွားကြောင်း ၊ ထိုအငန်များ ပါသည့်အတွက် ရေ ငတ်ကြကြောင်း ၊ ရေငတ်ပြန်၍ တစ်ခါရေသောက်ကြပြန်ကြောင်း ၊ ထို အခါ ထိုအရည်များကြောင့် မွေးဖွားပြီးစ မိခင်များတွင် မီးနေသည့် ကာလမှာ salt and water retension ဖြစ်ကာ ဆားနှင့် ရေဓာတ်တွေ ခန္ဓာကိုယ်အတွင်းများပြားလာသည့်အတွက် မီးမဖွားခင်က သွေးတိုးမရှိပဲ မွေးဖွားပြီးတော့ မှ သွေးဖိအားတွေ တိုးလာကြကြောင်း ၊ ထို့ကြောင့် ထိုကဲ့သို့ ဟင်းရွက်က နည်းနည်း အငန်ဓာတ်ပါဝင်သောအရာများက အများကြီးပါဝင်သည့် ဟင်းခါးရည်လို အရည်များကို အ၀သောက်ခြင်းသည် အလွန်အန္တရာယ်များကြောင်း ၊ ကျေးလက်ဒေသတွင်သာမက မြို့ကြီးများပေါ်ရှိ ပုဂ္ဂလိကဆေးရုံကြီးများတွင် မွေးဖွားသည့် အမျိုးသမီးများသည် လည်း ဟင်းခါးရည်ကို အ၀သောက်နေကြကြောင်း ၊ မီးဖွားပြီးနောက် ဆေးရုံကဆင်းပြီး နောက်တစ်ပတ်လောက်ကြာတဲ့အခါ ခြေထောက်တွေဖောင်းကား ရောင်ယမ်းပြီး မောကာ ဆေးရုံ ၊ ဆေးခန်းသို့ ပြန်ရောက်လာကြကြောင်း ၊ အချို့ဆိုလျှင် တက်သည့် ဝေဒနာပင် ခံစားရကြောင်း ၊ ဒါ့ကြောင့် အငန်တွေ အများကြီး ပါဝင်နေသည့် ဟင်းခါးရည်ကို လွန်ကဲစွာမသောက်သင့်ဘူးလို့ ဆွေးနွေးသွားပါတယ် ။
ထမင်းစားသည့်အခါ ဇွန်းဖြင့် အနည်းအကျဉ်းသောက်ခြင်းကို မပြောလိုပဲ အ၀သောက်သည့် အလေ့အထကတော့ အလွန်ပင်မှားနေကြောင်း ပြောပြခဲ့ပါတယ် ။ တစ်ဆက်တည်းမှာပဲ ဆွေးနွေးသွားခဲ့တဲ့ အကြောင်းအရာများကို ပြန်လည်ဖောက်သည်ချချင်ပါတယ် ။ မီးနေသည်များအတွက် အထူးအစားအစာဆိုတာ မရှိပါဘူးတဲ့ ။ အချို့ကျေးလက်ဒေသတွေမှာ မီးနေသည် အတွက်ဆိုပြီး ကြက်ကြော်၊ ငါးကြော် ၊ ငါးရံ့ခြောက် ၊ တစ်ချို့ဆိုရင် ငါးပိထောင်း စသည်ဖြင့် စီမံပေးထားကြောင်း ၊ ငါးပိနှင့်ချက်သည့် ဟင်းခါးရည်တွေလည်းပါကြောင်း ၊ အခြောက်အခြမ်းတွေ ကျွေးခြင်းကြောင့် မီးနေသည်များတွင် ၀မ်းချုပ်လေ့ရှိကြောင်း ၊ ကလေတွင်လည်း ၀မ်းချုပ်နိုင်ကြောင်း သိရပါတယ် ။
မီးနေသည်များအနေနဲ့ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာများကို စားဖို့လိုအပ်ကြောင်းနှင့် လက်သန့်ရှင်းရေးလည်း အရေးကြီးကြောင်းပြောပြခဲ့ပါတယ် ။ အာဟာရဖြစ်သော အသား၊ ငါးများ ၊ အသီးအရွက်များ ၊ ပဲမျိုးစုံတို့ကို စုံလင်အောင် စားကြရမှာဖြစ်ပါတယ် ။
ဒါကြောင့် အချုပ်အနေနဲ့ ပြောရရင် မီးနေသည်များကို ဟင်းခါးရည် အ၀တိုက်ခြင်းဟာ မှားပါတယ် ။ အဓိကကတော့ အထက်မှာဖော်ပြခဲ့သလို အစာအာဟာရဓာတ်ပြည့်စုံအောင် စားဖို့ပဲ လိုပါတယ် ။
Via : Health Digest Journal

No comments:
Post a Comment